ဘောလုံးလောကထဲမှာ (၇) ဂဏန်းလို့ ပြောလိုက်တာနဲ့ ချက်ချင်း ပြေးမြင်မိနိုင်တဲ့ ကစားသမားက ခရစ္စတီယာနို ရော်နယ်လ်ဒိုပါ။ ဒါကြောင့် ဘောလုံးပရိသတ်တိုင်းက သူ့ကို CR7 လို့ ခေါ်ဝေါ်ကြပြီး ရော်နယ်လ်ဒိုကို နံပါတ်(၇)နဲ့ တွဲဖက် မြင်တွေ့နေမိတာကလည်း အချိန်အတော်ကြာပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ရော်နယ်လ်ဒိုရဲ့ မဟာပြိုင်ဘက် လီယွန်နယ် မက်ဆီ က ရော်နယ်လ်ဒိုရဲ့ (၇) ဂဏန်း တွေနဲ့ ပတ်သတ်မှုတွေ ရှိနေရပါတယ်။

Photo Credit : Inside Sport

မက်ဆီက သူရဲ့ကစားသမားဘဝတစ်လျှောက် ဂိုးလည်း မသွင်းဖူး ဂိုးဖန်တီးမှုလည်း မလုပ်ဆောင်ဖူးတဲ့ မာဆေးလ်အသင်းနဲ့ (၅) ကြိမ်မြောက် ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး(၁)ဂိုး ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်နိုင်ခဲ့ရာ အဲ့ဒီ သွင်းဂိုးက မက်ဆီအတွက် ကလပ်အသင်း သွင်းဂိုး စုစုပေါင်း (၇၀၀) ပြည့်မြောက်သွားတဲ့ အမှတ်တရဂိုးလည်း ဖြစ်လာခဲ့ရပါတယ်။

Photo Credit : DeviantArt

မက်ဆီက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဆိုတဲ့ Ballon d’Or ဆုကို (၇) ကြိမ်အထိနဲ့ အကြိမ်ရေ အများဆုံး ရယူနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ချန်ပီယံ ဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းနဲ့ပါ အကောင်းဆုံး စွမ်ဆောင်ထားနိုင်ခဲ့တာကြောင့် မက်ဆီအနေနဲ့ Ballon d’Or ဆုကိုပါ (၈) ကြိမ်မြောက်အထိ ရယူသွားနိုင်ဖို့ အခြေအနေ အလွန်ကောင်းနေရပါတယ်။

Photo Credit : All Football

မက်ဆီက FIFA The Best Player Awards 2022 ဆုကို ပိုင်ဆိုင်ခဲ့ရပြီးနောက်မှာ ဒီဆုကိုလည်း (၇) ကြိမ်အထိ ပိုင်ဆိုင်ခဲ့ရတဲ့ ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။ ဒီလို ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုတွေ တစ်ဦးချင်း အကောင်းဆုံး ဆုတွေကို ပိုင်ဆိုင်ထားခဲ့ရတဲ့ မက်ဆီဟာ သူရဲ့ အကောင်းဆုံးသော စွမ်းဆောင်ရည်တွေကြောင့် တစ်ဦးချင်း ဆုတံဆိပ်ပေါင်း (၇၇)ခုအထိတောင် ပိုင်ဆိုင်ထားခဲ့ရပြီဖြစ်ပြီး အခုဆိုရင် ပြိုင်ဘက် ရော်နယ်လ်ဒိုရဲ့ အထင်ကရ နံပါတ် (၇)နဲ့ ပတ်သတ်သမျှတွေအားလုံးကိုပါ မက်ဆီ က ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။

Featured Photo : Twitter