ကောင်မလေးနဲ့ အတူတူ အမှတ်တရအဖြစ်ရော အထိမ်းအမှတ်အဖြစ်ပါ အဓိပ္ပါယ်ရှိတာ တစ်ခုခု ဝယ်မယ်ဆိုရင် နာရီဝယ်ဖို့ အကြံပေးချင်ပါတယ်။ Couple Watch တွေဟာ စိတ်တူကိုယ်တူဖြစ်မှု ၊ ဘဝရဲ့ အဓိပ္ပါယ်ရှိတဲ့ကာလတွေကို ဖြတ်သန်းမှု ၊ ရိုးရှင်းမှုနဲ့ ကိုယ့်ကို အမြဲအမှတ်ရစေလိုမှုဆိုတဲ့ အဓိပ္ပါယ်တွေ ပါဝင်နေပါတယ်။ ချစ်သူနဲ့အတူ နာရီဆင်တူ ပတ်ဖို့အတွက် Couple Watch ရှာနေတယ်ဆိုရင် အခုပြောမယ့် နာရီတွေကို ရွေးချယ်နိုင်ပါတယ်။

(၁) Vincero Kairos and Eros

Photo: greatwatches

Vincero ထုတ် နာရီတွေက ရိုးရှင်းတဲ့ Minimalist စတိုင် စတိန်းလတ်စတီးနာရီဝိုင်းတွေနဲ့ နာမည်ကြီးပါတယ်။ ဈေးသက်သာပြီး အရည်အသွေးကောင်းသလို ဒီဇိုင်းလည်း ချစ်စရာကောင်းပါတယ်။ အမျိုးသားအတွက်ဆို Vincero Kairos နဲ့ အမျိုးသမီးအတွက် Eros ဆိုပြီး ဝယ်နိုင်ပါတယ်။ Kairos တွေက ၄၂ မီလီမီတာ နာရီအိုးနဲ့လာပြီး Eros တွေက ၃၃ မီလီမီတာ ဒါမှမဟုတ် ၃၈ မီလီမီတာတွေနဲ့ လာပါတယ်။ Stylish အဖြစ်ဆုံး Couple Watch စာရင်းမှာ ဦးစားပေး စဉ်းစားသင့်တဲ့ ထုတ်ကုန်တွေပါ။

(၂) Nordgreen Native

Photo: fabrikbrands

Nordgreen နာရီတွေ ထွက်လာတာ မကြာသေးပါဘူး။ ကုမ္ပဏီတောင် ၂၀၁၇ ကမှ Bang & Qlufsen ဖက်ရှင်အမှတ်တံဆိပ်ရဲ့ နာမည်ကျော် ဒီဇိုင်နာဂျက်ကော့ဗ်ဝဂ္ဂနာ က ထောင်ထားတာပါ။ ဥရောပမြောက်ပိုင်း နောဒစ်အငွေ့အသက်တွေ လွှမ်းနေတဲ့ နာရီတွေလို့ ဆိုကြပါတယ်။ Nordgreen Native ဆိုတဲ့ နာမည်ကလည်း စကင်ဒေနေးဗီးယန်းတွေရဲ့ ရိုးရှင်းမှုနဲ့ ခေတ်ပြိုင်သပ်ရပ်သားနားတဲ့ လုပ်ဆောင်ချက်နှစ်မျိုး ပေါင်းစပ်မှုကို ရည်ညွှန်းခေါ်ထားတာပါ။

အရွယ်အစားအနေနဲ့ ၂၈ ၊ ၃၂ ၊ ၃၆ နဲ့ ၄၀ မီလီမီတာဆိုပြီး ၄ မျိုး လာပါတယ်။ အရောင်အနေနဲ့ ရွှေရောင် ၊ငွေရောင် ၊ သေနတ်မှာ သုံးတဲ့သတ္ထုဒန်ရောင် ၊ နှင်းဆီရွှေရောင် နဲ့ နက်ပြာကို အဖြူ ၊ အနက် လက်တံတွေနဲ့ လာပါတယ်။ လယ်သာ ၊ နိုင်လွန်နဲ့ သတ္ထုပတ်တွေနဲ့ လာပြီး ရိုးရှင်းပါးလွှာတဲ့ နာရီအိုးအဝိုင်းဒီဇိုင်းကလည်း နှစ်လိုဖွယ်ရာကောင်းနေမှာပါ။

(၃) Orient Open Heart

Photo: ablogtowatch

Seiko နာရီမိသားစုဝင်မော်ဒယ်တစ်ခုဖြစ်ပြီး တန်ဖိုးသင့် စက်မောင်း Automatic နာရီတွေနဲ့ နာမည်ကြီး Orient Open Heart က အမျိုးသားအတွက် Classic နဲ့ အမျိုးသမီးအတွက် Ladies ဆိုပြီး လာပါတယ်။ နာရီအိုးအဝိုင်းပဲ ဖြစ်ပြီး အမျိုးသားအတွက် ၄၃ မီလီမီတာဖြစ်ပြီး အမျိုးသမီးအတွက် ၃၆ မီလီမီတာအိုးနဲ့ ထွက်ပါတယ်။

Classic ဒီဇိုင်းမှာ ယောင်္ကျားဆန်ဆန် ဒိုင်ခွက် နက်ပြာနဲ့လာပြီး နာရီလက်တံအဖြူရောင်နဲ့ လာပါတယ်။ Ladies ကတော့ ခရစ္စတယ်ဖြူဆန်ဆန် သပ်ရပ်တဲ့ဒီဇိုင်းနဲ့ ထုတ်ထားတာပါ။ နာရီနှစ်မျိုးစလုံးဟာ အတွင်းထဲမှာ Automatic စက်မောင်းနဲ့လာပြီး ချစ်သူစုံတွဲတွေအတွက် လိုက်ဖက်တဲ့အမှတ်တရပစ္စည်းအဖြစ် ရွေးချယ်သင့်ပါတယ်။

Featured Photo: The Adult Man