ဒီနေ့ခေတ် လူတွေရဲ့ နေ့စဉ်ဘဝဟာ ဒစ်ဂျစ်တယ်တွေ့ကြုံခံစားမှုတွေနဲ့ ကင်းကွာလို့ မရတော့ပါဘူး။ ဆိုရှယ်မီဒီယာ ၊ ဗွီဒီယိုဂိမ်း ၊ ဖျော်ဖြေရေး ၊ သတင်းနဲ့ ဆက်သွယ်မှု စတဲ့ ကဏ္ဍအားလုံးက အပြန်အလှန်ချိတ်ဆက်မှုတွေ ရှိလာနေသလို နည်းပညာရဲ့ ဩဇာနဲ့ သက်ရောက်မှုကိုလည်း ရှောင်ရှားလို့မရတော့ဘူးလို့ ပြောရမှာပါ။

ပြီးခဲ့တဲ့ တစ်နှစ်လုံး ကပ်ရောဂါအခြေအနေကြောင့် Stay At Home အနေများချိန်မှာ နည်းပညာနဲ့ လူတွေ ပိုထိတွေ့ခဲ့သလို ဒီနှစ်မှာလည်း ဒီဂျစ်တယ်လူနေမှုပုံစံသစ်တွေနဲ့ ဆက်ပြီး နေထိုင်သွားရဖို့ ရှိပါတယ်။ ဒီဂျစ်တယ်လူနေမှုပုံစံသစ်တွေက လူအ‌တော်များများအတွက် စိတ်ဖိစီးစရာတွေ ဖြစ်ခဲ့ပါတယ်။ ဒီနှစ်သစ်မှာ စိတ်ပိုင်းဆိုင်ရာ ပိုပြီး ကျန်းမာပျော်ရွှင်စေဖို့အတွက် ပြောင်းလဲသင့်တဲ့ Tech Habits လေးတွေ မျှဝေပေးချင်ပါတယ်။

(၁) ဖုန်းမသုံးဘဲ နားချိန်ပေးပါ

Photo: Unsplash

အခုခေတ်မှာ လူတွေရဲ့ တစ်ရက်တာ ဖုန်းအသုံးပြုမှုကြာချိန်ဟာ အမြင့်ဆုံးအချိန်ရောက်လာပြီလို့ ဆိုရမှာပါ။ Screen မကြည့်ဘဲ မနေနိုင်အောင် ဖြစ်လာတာ ၊ ဆိုရှယ်မီဒီယာတွေပေါ်က ဗွီဒီယိုတွေ တစ်ခုပြီး တစ်ခု သတိမထားမိဘဲ ကြည့်နေမိတာ ၊ အွန်လိုင်းဗွီဒီယိုဂိမ်းတွေ အကြာကြီးကစားနေမိတာ ဘယ်လောက်တောင် များနေပြီလဲဆိုတာ မခန့်မှန်းနိုင်ပါပဲ။ ဒီနှစ်မှာတော့ ဖုန်းအသုံးပြုမှုနဲ့ပတ်သက်ပြီး အချိန်စည်းကမ်းထားဖို့ မဖြစ်မနေ လိုလာပြီလို့ ပြောချင်ပါတယ်။

(၂) Screen ကြည့်ချိန် ကန့်သတ်တဲ့ Settings ထားပါ

Photo: Unsplash

နောက်ပိုင်းထွက် စမတ်ဖုန်းတွေမှာ App အလိုက် Screen ကြည့်ချိန်ကို ကန့်သတ်နိုင်တဲ့ Features တွေ ထည့်သွင်းလာပါတယ်။ Android ဖုန်းတွေမှာဆို Settings ထဲမှာ Digital Wellbeing & Parental Controls လို Features တွေ ရှိပါတယ်။ Timer ထားပြီး App တွေကို ပိတ်ပေးထားမယ်ဆိုရင် သတ်မှတ်ချိန်ရောက်တာနဲ့ App ပိတ်သွားပြီး App Icon လေးလည်း မှိန်သွားမှာ ဖြစ်ပါတယ်။ iPhone တွေမှာတော့ Settings ထဲက Screen Time ဆိုတာကို သွားဖွင့်ပြီး App Limits ထားရမှာပါ။ ဒီနည်းက Alarm Clock နဲ့ ဆင်ပါတယ်။ ကိုယ့်ဘက်က တကယ်လိုက်နာဖို့တော့ လိုပါတယ်။

(၃) Physical ဝန်းကျင်တစ်ခု ဖန်တီးပါ

Photo: Unsplash

Screen အကြည့်များတာဟာ စိတ်ရော လူပါ အထီးကျန်မှုကို ပိုဆိုးစေနိုင်ပါတယ်။ တတ်နိုင်သလောက် Screen Time လျှော့ပါ။ ပြင်ပလောကနဲ့ ထိတွေ့ပါ။ ကျန်းမာရေးအခြေအနေအရ အပြင်ထွက်ပြီး လူချင်း တွေ့ဖို့ မဖြစ်နိုင်ရင် စာအုပ်ဖတ်တာ ၊ အားကစားလုပ်တာ ၊ မိသားစုနဲ့အတူ ပိုပြီး အချိန်ပေးတာမျိုး လုပ်ပါ။ အပြင်ကို သွားလို့လာလို့ ရတယ်ဆိုရင် အပြင်လေးဘာလေးထွက် ၊ လမ်းလေးဘာလေးလျှောက် ၊ သူငယ်ချင်းတွေနဲ့ တွေ့တာမျိုး လုပ်ပါ။ အရေးကြီးတာက Virtual ကမ္ဘာကြီးမှာပဲ နစ်မြှပ်မနေဖို့ ဖြစ်ပါတယ်။

(၄) တစ်ခုချင်းပဲ လုပ်သွားပါ

Photo: Unsplash

နည်းပညာတွေက ကျွန်တော်တို့ရဲ့ နေမှုထိုင်မှု လုပ်ကိုင်မှုတွေကို တချိန်တည်းနဲ့ အများကြီး ပြုံလုပ်တဲ့ Multitask ဘက်ကို တွန်းပို့နေပါတယ်။ တစ်ချိန်တည်းမှာ ကိစ္စအများကြီးကို တပြိုင်နက်တည်း လုပ်ဆောင်တာဟာ အာရုံစူးစိုက်နိုင်စွမ်းကို ကျဆင်းစေပြီး အလုပ်လုပ်ဆောင်နိုင်စွမ်းပါ ထိခိုက်စေပါတယ်။ ဒါကြောင့် Social Media ပဲ သုံးသုံး တခြား Internet Services တွေနဲ့ ဖျော်ဖြေရေးပဲ သုံးသုံး တစ်ကြိမ်မှာတစ်ခု Unitask စည်းကမ်းနဲ့ သွားပါလို့ အကြံပြုချင်ပါတယ်။

Featured Photo: Mashable