ကမ္ဘာ့အအောင်မြင်ဆုံး စီးပွားရေးလုပ်ငန်းတချို့ဟာ ဖုန်အလိပ်လိပ်တက်နေတဲ့ ဂိုထောင်တွေကနေ အစပြုခဲ့ကြတယ်ဆိုတာ သင်သိပါသလား။ အရင်းအနှီးနည်းနည်းနဲ့ စတင်လိုက်တဲ့ လုပ်ငန်းငယ်လေးတစ်ခုဟာ တစ်ချိန်မှာ ထိပ်ထိပ်ကြဲ အောင်မြင်ကျော်ကြားတဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်လာမလားဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ပါဘူး။ လက်ရှိ ကမ္ဘာပေါ် က အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေဆိုတာလည်း တစ်ချိန်က သုညဘဝနဲ့ စတင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သာမာန် ဂိုထောင်လေးတွေကနေအစပြုခဲ့ကြတဲ့ ဒေါ်လာဘီလီယံတန်ကြေးရှိတဲ့ ကမ္ဘာ့ထိပ်တန်း စီးပွားရေးလုပ်ငန်းကြီးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) Harley-Davidson

Photo : Brightside

လက်ရှိကမ္ဘာ့ထိပ်တန်း မော်တော်ဆိုင်ကယ်ထုတ်လုပ်ရေး ကုမ္ပဏီ Harley-Davidson ဟာဆိုရင် တစ်ချိန်က တောအုပ်လေးထဲက ဂိုထောင်ငယ်လေးတစ်ခုမှာ စတင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ William S. Harley နဲ့ သူ့ရဲ့ ငယ်သူငယ်ချင်း Arthur Davidson တို့ဟာ အစပိုင်းမှာ စက်ဘီးတွေနဲ့ စမ်းသပ်မှုများပြုလုပ်ခဲ့ ကြတာပါ။ သူတို့ဟာ သာမန်စက်ဘီးတစ်စီးနဲ့ အင်ဂျင်အသေးလေးတစ်လုံးကို ချိတ်ဆက်ဖို့ ကြိုးစားကြခဲ့ကြတာဖြစ်ပြီး ၎င်းတို့ရဲ့ ပထမဆုံးသော အင်ဂျင်တပ်ဆင်ထားတဲ့ စက်ဘီးကို တီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့တီထွင်မှုဟာ တစ်ချိန်မှာ ကမ္ဘာ့အထင်ကရဆုံး မော်တော်ဆိုင်ကယ်တွေဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြပါဘူး။

(၂) Microsoft

Photo : Brightside

နည်းပညာနယ်ပယ်မှာ အအောင်မြင်ဆုံး Microsoft ကုမ္ပဏီကြီးဟာဆိုရင်လည်း တစ်ချိန်က Bill Gates နဲ့ Paul Allen အပါအဝင် ဝန်ထမ်း သုံးဦးနဲ့သာ စတင်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ နိုင်ငံအသီးသီးက ဝန်ထမ်းပေါင်း ၁သိန်းကျော်နဲ့ လည်ပတ်နေတဲ့ ကွန်ပြူတာ ကုမ္ပဏီကြီးတစ်ခု ဖြစ်နေပါပြီ။ Microsoft ရဲ့ co-founders တစ်ဦးဖြစ်တဲ့ Bill Gates ဟာလည်း အမေရိကန်နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပြီး Forbes ရဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် အကြိမ်ပေါင်းများစွာ ချီးမြှင့်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

(၃) Patagonia

Photo : Brightside

နာမည်ကြီး ဖက်ရှင်အသုံးအဆောင် Brand တစ်ခုဖြစ်တဲ့ Patagonia ကို စတင်ခဲ့သူကတော့ Yvon Chouinard ပဲဖြစ်ပါတယ်။ ၎င်းဟာ အသက် ၁၄ နှစ်အရွယ်ကတည်းက တောင်တက်ခြင်းကို ရူးသွပ်ခဲ့သူတစ်ယောက်ဖြစ်ပြီး ပြည့်စုံကြွယ်ဝတဲ့ မိသားစုကနေ ဆင်းသက်လာသူ မဟုတ်တာကြောင့် တောင်တက်ရာမှာအသုံးပြုတဲ့ ပစ္စည်းတွေကို ၎င်းရဲ့ မိဘတွေရဲ့ ဂိုထောင်ကိုအသုံးပြုပြီး ကိုယ်တိုင်တီထွင်ထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီကစလို့ နောက် နှစ်ပေါင်း ၄၀ အကြာမှာတော့ Patagonia လို့ နာမည်ပေးထားတဲ့ ကမ္ဘာကျော် ဖက်ရှင်နဲ့ အသုံးဆောင်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

(၄) Lotus Cars

Photo : Brightside

Lotus Cars ကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ Colin Chapman ဟာ မိဘတွေရဲ့ ဂိုထောင်မှာပဲ ၎င်းရဲ့ ပထမဆုံးပြိုင်ကားတွေကို စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ နွားတင်းကုပ်ဟောင်းတစ်ခုဆီ ပြောင်းရွှေ့ပြီး ပြိုင်ကားထုတ်လုပ်ရေးအပိုင်းတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုပုံစံနဲ့ စတင်ခဲ့တဲ့ Lotus Cars ကုမ္ပဏီကြီးဟာ Team Lotus အနေနဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံအဖြစ်ဆုတွေအကြိမ်ကြိမ်ရရှိခဲ့ပြီး sports ကား နဲ့ racing ကားများစွာကို ထုတ်လုပ်လျက်ရှိပါတယ်။

(၅) Disney

Photo : Brightside

Roy နှင့် Walt Disney တို့နှစ်ဦးဟာ ၎င်းတို့ရဲ့ ပထမဆုံး ကာတွန်းရုပ်ရှင်ကို ဦးလေးဖြစ်သူရဲ့ ကားဂိုထောင်ထဲမှာ ရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ Walt Disney ကုမ္ပဏီဟာ ကိုယ်ပိုင်ရုပ်ရှင်ရိုက်ကူးရေး ခြံကြီးတွေ ၊ တီဗီချန်နယ်တွေ များစွာကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာပေါ်က ဝင်ငွေအများဆုံး မီဒီယာလုပ်ငန်းစုတစ်ခုဖြစ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

Featured Photo : Fortune