Hip-Hop လို့ စပြီး ဖြစ်လာချိန်ကနေ ကမ္ဘာကြီးဟာ Speed Rapping သံတွေ ကြားလာခဲ့ရပါတယ်။ ဂီတပုံစံအားဖြင့်လည်း Rap ဟာ တခြားမြူးဇစ်တွေနဲ့ အလွန်ပဲ ကွဲပြားခြားနားမှုရှိပါတယ်။ ဒီဂီတကို ချစ်တဲ့သူတွေ ရှိသလို မုန်းတဲ့အမြင်ကတ်တဲ့ လူတွေလည်း မနည်းပါဘူး။ ဘာပဲ ဖြစ်ဖြစ် Rap ယဉ်ကျေးမှုဟာ အားကောင်းတဲ့ အနုပညာအသွင်သဏ္ဍာန်တစ်ခုအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေတာကိုတော့ ငြင်းမရပါဘူး။

ရက်ပ်ရွတ်တယ်ဆိုတာ လူငယ်တွေရဲ့ ကိုယ်ပိုင်ဂါထာတွေလို ဖြစ်လာပြီး ဒီဓလေ့ကပဲ အချင်းချင်းဆက်သွယ်မှုတစ်ခုလိုတောင် ဖြစ်ခဲ့ဖူးပါတယ်။ ဒီလို ရက်ပ်ရေစီးကြောင်းကို ဦးဆောင်မောင်းနှင်သွားခဲ့ကြတဲ့ ရက်ပါတွေထဲကမှ Speed အမြန်ဆုံးနှုန်းနဲ့ ရွတ်ဆိုသရဇ္ဈာယ်နိုင်တဲ့ အဆိုတော်တွေအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။

(၅) Busta Rhymes

Photo: discotech

Dr.Dre ကနေ တင်ဆက်ထုတ်လုပ်ခဲ့တဲ့ Break Ya Neck သီချင်းဟာ Busta ကို အမြန်ဆုံး Rapping ရွတ်နိုင်သူတစ်ဦးအဖြစ် အသိအမှတ်ပြုမှု ရရှိစေတဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ဒီသီချင်းကို YouTube မှာ နားဆင်ခဲ့တဲ့ ပရိသတ်တစ်ယောက်ကတော့ Busta ရဲ့ Raps တွေက မြန်လွန်းလို့ သူကိုယ်ပိုင်သီချင်းနဲ့လိုက်တောင် သူ့ပါးစပ်နဲ့အံကျဖြစ်အောင် မဖမ်းနိုင်ဘူးလို့ မှတ်ချက်ပေးထားပါတယ်။ ဒီသီချင်းမှာ စကားလုံး ၇၅၈ လုံး ပါပြီး ကြာမြင့်ချိန် ၂၃၁ စက္ကန့်ဖြစ်လို့ Busta ဟာ တစ်စက္ကန့်ကို စကားလုံး ၃.၂၈ လုံး ပျမ်းမျှ ရွတ်သွားတယ်လို့ ဆိုရမှာပါ။

(၄) Dizzee Rascal

Photo; The Guardian

Dizze ရဲ့ Jus’ A Rascal သီချင်းကလည်း စကားလုံးမိုးစက်တွေ ပြင်းပြင်းထန်ထန် သင့်နားကို လာရောက်နှိပ်စက်မှာ အသေအချာပါပဲ။ တစ်စက္ကန့်ကို စကားလုံးရေ ၃.၆၄ လုံးခန့် ရွတ်ဆိုခဲ့ပြီး ၂၀၈ စက္ကန့်အတွင်း စကားလုံးပေါင်း ၇၅၉ လုံးကို ဆိုသွားခဲ့တာပါ။

(၃) Twista

Photo: NWI Times

feat ကို Jaime Foxx နဲ့ Kanye West တို့ ပါဝင်သီဆိုထားတဲ့ Twista ရဲ့ Slow Jamz သီချင်းဟာ ဒီနေ့အထိ စကားလုံးတွေကို အမြန်ဆုံးနှုန်းနဲ့ တင်ပြီး Rapping ရွတ်သွားတဲ့ သီချင်းအဖြစ် အသိအမှတ်ပြုခံထားရပါတယ်။ ဘယ်လောက် မြန်သလဲဆိုရင် ၂၁၂ စက္ကန့်အတွင်းမှာ စကားလုံးပေါင်း ၈၄၅ လုံး ဆိုသွားခဲ့တာ ဖြစ်လို့ အသက်တောင် ရှုရဲ့လားဆိုတာ မေးခွန်းထုတ်ချင်စရာကောင်းနေပါတယ်။

(၂) Eminem

Photo: NME

Eminem ကို တစ်ကိုယ်တော် Rap God အဖြစ်ရော သွက်လက်လွန်းတဲ့ Speed Rapping ကြောင့်ပါ လူသိများပါတယ်။ စကားလုံး ၁၅၆၀ ပါတဲ့ ၆ မိနစ် ၁၀ စက္ကန့်စာ သီးချင်းကို ဂင်းနစ်ကမ္ဘာ့စံချိန်တင် အမြန်ဆုံးဆိုနိုင်ခဲ့တဲ့ သူဟာ Godzilla သီချင်းမှာလည်း အံ့လောက်တဲ့ အမြန်နှုန်းနဲ့ ဆိုသွားခဲ့ပါတယ်။ စကားလုံး စုစုပေါင်း ၉၄၈ လုံးကို ၂၄၄ စက္ကန့် (တစ်စက္ကန့် ၃.၈၈ လုံး) နဲ့ ဆိုခဲ့တာပါ။ တတိယအပိုဒ်မှာ စကားလုံး ၂၂၄ လုံးကို ၃၁ စက္ကန့်တည်းနဲ့ တစ်စက္ကန့် ပျမ်းမျှ ၇.၂၃ လုံးနှုန်း သီဆိုသွားတာပါ။

(၁) Tech N9ne

Photo: Time Out

Busta Rhymes, Yelawolf, Twisted Insane, Ceza, JL, Twista, U$O & D-Loc တို့ ft နဲ့ Tech N9ne တို့ ဆိုခဲ့တဲ့ On Worldwide Choppers ဟာ အဆိုတော်တွေအများကြီး ပါသလို သီချင်းမှာ သုံးထားတဲ့ စကားလုံးကလည်း ၁၅၄၃ လုံးအထိ ရှိပါတယ်။ ဒီလောက်များတဲ့ စကားလုံးတွေကို ၃၂၉ စက္ကန့်အတွင်း ဆိုသွားတာ ဖြစ်ပါတယ်။ တစ်စက္ကန့်ကို စကားလုံး ၄.၆၈ လုံးအထိ ဆိုခဲ့တာပါ။ ဒါကြောင့်ပဲ Tech N9ne ကို Kings of Speed Rapping တစ်ဦးအဖြစ် ညွှန်းထားတာပါ။