ဂီတတူရိယာတွေဆိုရင် ဂစ်တာ ၊ ပီယာနို ၊ တယော ၊ Trumpets နဲ့ ဒရမ်တွေလောက်ပဲ ကျွန်တော်တို့အများစုသိထားကြတာပါ။ တကယ်တော့ ကမ္ဘာပေါ်မှာ ဂီတတူရိယာမျိုးကွဲ ပေါင်း ၁၅၀၀ ကျော်ရှိပါတယ်။ ပြောချင်တာကတော့ ကျွန်တော်တို့နဲ့မရင်းနှီးတဲ့ ထူးခြားဆန်းပြား ဂီတတူရိ ယာတွေ အများကြီးရှိတယ်ဆိုတာပါပဲ။ ဒီတစ်ခေါက်တော့ အဲ့လိုများပြားလှတဲ့ တူရိယာတွေထဲကမှ ထူးခြားဆန်းပြားပြီး ကွီးတို့နဲ့သိပ် မရင်းနှီးသေးတဲ့ ဂီတတူရိယာတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) Kalimba

Photo : Airbnb

Kalimba ဆိုတာကတော့ အာဖရိကမှ ပေါက်ဖွားလာတဲ့ လက်ကိုင်တူရိယာ သေးသေးလေးဖြစ်ပြီး တီးခတ်လိုက်တဲ့အခါ ဂီတသေတ္တာလေးတစ်ခုကဲ့သို့ အသံထွက်ပါတယ်။ သစ်သားသေတ္တာလေးပေါ်က သတ္တုခက်ရင်းစွယ်လေးတွေကို လက်မနဲ့တီးခတ်ရတဲ့ တူရိယာတစ်မျိုးဖြစ်ပါတယ်။ ဂစ်တာလိုပဲ သင်ယူရလွယ်ကူပြီး အလွန်သာယာကြည်နူးဖွယ်ကောင်းတဲ့ သံစဉ်လေးတွေ ထုတ်လွှတ်ပေးပါတယ်။

(၂) Tongue Drum

Photo : LifeSavvy

Tongue Drum ကတော့ သာမာန်တွေ့ဖူးနေကြ ဒရမ်တွေနဲ့ တော်တော်ကြီးကိုကွဲပြားပါတယ်။ ပုံမှန်ဒရမ်တွေရဲ့ တီးခတ်နည်းနဲ့လည်း လုံးဝမတူပဲ Tongue Drum အသံက စန္ဒယားတီးသံနဲ့ ပိုပြီးဆင်တူတယ်လို့ ပြောလို့ရပါတယ်။ Tongue Drum ပေါ်က နံပါတ်လေးတွေအလိုက် သံစဉ်ကို တီးခတ်ရတာမျိုးပါ။ Tongue Drum ပေါ်လာတာတော့ သိပ်တော့မကြာသေးပါဘူး။ အရင်က Tongue Drum တွေကို သစ်သားနဲ့ပြုလုပ်ခဲ့ကြပြီး ခုခေတ်လိုအဝိုင်းပုံသဏ္ဍာန်မျိုးမဟုတ်ပဲ ထောင့်မှန်စတုဂံ/လေးထောင့်အတုံးလို ပုံစံမျိုးဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။

(၃) Didgeridoo

Photo : ThePowerEdit

Didgeridoo ကတော့ ဩစတြေးလျ တိုင်းရင်းသားတွေ ဖန်တီးထားတဲ့ ရှေးအကျဆုံး လေမှုတ်တူရိယာတစ်မျိုးဖြစ်ပါတယ်။ ၎င်းတူရိယာကို ဝါးနဲ့ ပြုလုပ်ထားပြီး ထိပ်ပိုင်းကို လေမှုတ်သွင်းခြင်း နည်းဖြင့် သံစဉ်ထွက်ပေါ် လာအောင် တီးမှုတ်ရတာ ဖြစ်ပါတယ်။ Didgeridoo ဟာ တီးမှုတ်ရလွယ်ကူတဲ့ တူရိယာတစ်ခုလို့ ထင်ရပေမယ့် တူရိယာမှအသံထွက်ပေါ်လာဖို့ အလွန်တိကျတဲ့ နည်းစနစ်ရှိပြီး သေချာလေ့ကျင့်တီးမှုတ်ရတဲ့ တူရိယာဖြစ်ပါတယ်။ Didgeridoo ဆိုတာ ရိုးရာတူရိယာတစ်မျိုးဖြစ်ပြီး ယဉ်ကျေးမှုအခမ်းအနားတွေမှာ အသုံးပြုလေ့ရှိပါတယ်။

(၄) Dulcimer

Photo : iStock

Dulcimer ကတော့ စိတ်ဝင်စားဖို့အရမ်းကောင်းတဲ့ ကြိုးတပ်တူရိယာတစ်မျိုးဖြစ်ပါတယ်။ တူရိယာရဲ့ ကိုယ်ထည်မှာ ကြိုးများတပ်ဆင်ထားပြီး တူသေးသေးလေးနဲ့ တီးခတ်ရတဲ့ ပုံစံဖြစ်ပါတယ်။ Dulcimer တူရိယာတွေဟာ များသောအားဖြင့် အလယ်ခေတ် ဥရောပနိုင်ငံအချို့မှာ အလွန်ရေပန်းစားခဲ့ပြီး ယနေ့ခေတ်အထိ တွေ့နိုင်သေးတဲ့ ထူးခြား တူရိယာတစ်မျိုးပဲ ဖြစ်ပါတယ်။

(၅) Marimba

Photo : Denver Percussion

Marimba တူရိယာကတော့ မြန်မာ့ပတ္တလားနဲ့ ဆင်တူတယ်လို့ ပြောလို့ရပါတယ်။ Marimba တူရိယာရဲ့ကိုယ်ထည်မှာ အရွယ်အစား မတူညီတဲ့သစ်သားတုံးလေးတွေတပ်ဆင်ထားပြီး တူကဲ့သလို့ တုတ်လေးတွေနဲ့ ထုရိုက်တီးခတ်ခြင်းဖြင့် ဂီတသံစဉ်ကိုထုတ်လွှတ်ပေးတာ ဖြစ်ပါတယ်။ ၁၆၈၀ ခုနှစ်အလယ်လောက်က အမေရိကမှာစတင်ပေါ်ပေါက်ခဲ့ပြီးနောက် ၁၈၂၁ ခုနှစ်မှာတော့ ဂွာတီမာလာနိုင်ငံရဲ့ အမျိုးသားတူရိယာအဖြစ်သတ်မှတ်ကြေညာခဲ့ပါတယ်။

Featured Photo : HowStuffWorks