ချမ်းသာတဲ့ ကမ္ဘာကျော်ဘောလုံးသမားအများစုဟာ သူတို့ရဲ့ဝင်ငွေတွေကို အကောင်းစားဇိမ်ခံအိမ်တွေ ၊ ပြိုင်ကားတွေ ၊ နာမည်ကြီး အသုံး အဆောင်ပစ္စည်းတွေဝယ်ယူရာမှာ ငွေသုံးလေ့ရှိကြပါတယ်။ တချို့ဆိုရင် လေ့ကျင့်ရေးသွားရောက်ရာမှာဖြစ်စေ ချစ်ရတဲ့မိသားစုတွေနဲ့ ခရီးသွားရမှာဖြစ်စေ ကိုယ်ပိုင်ဂျက်လေယာဉ်တွေကို အသုံးပြုကြတဲ့အထိ ကြွယ်ဝချမ်းသာသူတွေရှိပါတယ်။ ဒီတစ်ခေါက်ပြောပြပေးမှာကတော့ ချမ်းသာတဲ့ ဘောလုံးသမားများစွာထဲကမှ တန်ဖိုးကြီးကိုယ်ပိုင်ဂျက်လေယာဉ်တွေ ပိုင်ဆိုင်ထားတဲ့ ကစားသမား ၅ ယောက်အကြောင်းပါ။

(၅) ပေါလ်ပေါ့ဂ်ဘာ

Photo : Menkor Aviation

မန်ချက်စတာယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ ကလပ်မှာတစ်နှစ်ယူရို သန်း ၂၀ ဝန်းကျင်ဝင်ငွေရရှိနေပြီး ၎င်းရဲ့ခရီးစဉ်တွေအတွက် Gulfstream G280 လေယာဉ်ကို ငှားရမ်းအသုံးပြုခွင့် ပေးထားပါတယ်။ ပေါ့ဂ်ဘာဟာ ၎င်းရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ကို အမေရိကန်သို့ အားလပ်ရက်ခရီးထွက်ရန်နဲ့ Adidas အတွက် ပရိုမိုးရှင်းခရီးစဉ်များအတွက် အသုံးပြုတယ်လို့သိရပါတယ်။

Gulfstream G280 လေယာဉ်တွင် ခရီးသည် ၁၁ ဦးလိုက်ပါစီးနင်းနိုင်ပြီး တစ်နာရီကို ၈၅၀ ကီလိုမီတာနှုန်းနဲ့ ပျံသန်းနိုင်ကာအကွာအဝေး ၆၇၀၀ ကီလိုမီတာအထိ ခရီးနှင်နိုင်ပါတယ်။ Gulfstream G280 ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ သန်း ၂၀ ဝန်းကျင်ရှိပါတယ်။

(၄) နေမာ

Photo : Menkor Aviation

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူးနဲ့ ဘရာဇီးလက်ရွေးစင်အသင်းခေါင်းဆောင်ဖြစ်တဲ့ နေမာဟာဆိုရင် တစ်လ ယူရို ၃ သန်းကျော်ဝင်ငွေရှိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဘောလုံးသမားစာရင်းဝင်သူ ကစားသမားတစ်ဦးဖြစ်ပါတယ်။ နေမာပိုင်ဆိုင်ထားတဲ့ကိုယ်ပိုင်ဂျက်လေယာဉ်ကတော့ Cessna Citation Sovereign (680) ဇိမ်ခံကိုယ်ပိုင်ဂျက်လေယာဉ်ဖြစ်ပြီး လူ ၁၂ ဦးအထိ လိုက်ပါစီးနင်းနိုင်ပါတယ်။

Cessna Citation Sovereign (680) ရဲ့ အရှိန်နှုန်းဟာ တစ်နာရီလျှင် ၈၉၀ ကီလိုမီတာအထိ အမြန်ဆုံးမောင်းနှင်နိုင်ပြီး အကွာအဝေး ၅၂၇၅ ကီလိုမီတာအထိ ခရီးနှင်နိုင်ကာ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၂၂ သန်း ဝန်းကျင်ရှိပါတယ်။

(၃) ဇလာတန် အီဘရာဟီမိုဗစ်

Photo : as.com

အေစီမီလန်တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်ဟာလည်း Cessna Citation Longitude အမျိုးအစား ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီး ပိုင်ဆိုင်ထားတဲ့ နာမည်ကြီး ဘောလုံးကစားသမားတစ်ဦး ဖြစ်ပါတယ်။ Cessna Citation Longitude လေယာဉ်ဟာ အလွန်ခေတ်မီပြီး သက်တောင့်သက်သာရှိလှတဲ့ ဇိမ်ခံလေယာဉ်တစ်စီးဖြစ်ပြီး ခရီးသည် ၁၂ ဦးလိုက်ပါစီးနင်းနိုင်မှာဖြစ်ပါတယ်။

ဘယ်လောက်တောင် သက်တောင့်သက်သာဖြစ်လဲဆိုရင်် လေယာဉ်ပေါ်မှာ မတ်တပ်ရပ်ပြီး စားသောက်နိုင်တဲ့အထိ ကောင်းစွာအိပ်နိုင်တဲ့အထိပါပဲ။ Cessna Citation Longitude လေယာဉ်ဟာ ၆၄၈၂ ကီလိုမီတာအထိပျံသန်းနိုင်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၂၆ သန်း ဝန်းကျင်ရှိပါတယ်။

(၂) လီယွန်နယ်မက်ဆီ

Photo : SPORTbible

တစ်လကို ယူရို 7.2 သန်းဝင်ငွေရရှိနေတဲ့ အာဂျင်တီးနားလက််ရွေးစင်ကစားသမား လီယွန်နယ်မက်ဆီဟာလည်း သူရဲ့ဝင်ငွေအနေအထားအရ ကိုယ်ပိုင်ဂျက်လေယာဉ်တွေများစွာ ဝယ်ယူနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဒေါ်လာ ၂၆ သန်းဝန်းကျင်ရှိတဲ့ Embraer Legacy 650 လေယာဉ်ကိုဝယ်ယူခဲ့ပြီး လက်ရှိမှာတော့ ခရီးသွားခြင်းအတွက် Gulfstream V လေယာဉ်ကို ငှားရမ်းအသုံးပြုလျက်ရှိပါတယ်။

Gulfstream V လေယာဉ်ဟာဆိုရင် ကီလိုမီတာ ၁၁၀၀၀ အထိ ခရီးနှင်နိုင်ပြီး လူ ၁၆ ဦးလိုက်ပါစီးနင်းနိုင်တဲ့ ဇိမ်ခံလေယာဉ်အမျိုးအစားဖြစ်ပါတယ်။ လေယာဉ်အမြှီးမှာ မက်ဆီရဲ့ကျောနံပါတ် ၁၀ ကိုရေးထိုးထားပြီး လေယာဉ်လှေကားထစ်တွေမှာတော့ မက်ဆီရဲ့မိဘနဲ့ သားသမီးနာမည်တွေကိုရေးထိုးထားပါတယ်။ Gulfstream V ဇိမ်ခံလေယာဉ်ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၄၅ သန်း ဝန်းကျင်ရှိပါတယ်။

(၁) ခရစ္စတီယာနိုရော်နယ်ဒို

Photo : AS English

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဈေးအကြီးဆုံးကိုယ်ပိုင်ဂျက်လေယာဉ် ပိုင်ဆိုင်ထားတဲ့ ဘောလုံးသမားတစ်ဦး ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ Gulfstream G650 လူ ၁၈ ဦးအထိ လိုက်ပါစီးနင်းနိုင်ပြီး အကွာအဝေး ၁၂၉၆၀ ကီလိုမီတာ ပျံသန်းနိုင်တဲ့လေယာဉ်တစ်စီးဖြစ်ပါတယ်။ လေယာဉ်ကိုယ်ထည်မှာ CR7 ဆိုတဲ့နာမည်အတိုကောက်နဲ့အတူ ရော်နယ်ဒိုကျောနံပါတ်နဲ့ ပုံရိပ်တွေကို အလှဆင်ထားပါတယ်။ Gulfstream G650 ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၆၅ သန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

Featured Photo : SPORTbible