မြန်မာနိုင်ငံ အပါအဝင် ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတွေမှာ ရေဘေးဒဏ် ခံစားလို့နေရပြီး အခုဆိုရင် မြန်မာမှာ ရေဘေးရော လေဘေးပါ သင့်တော့မယ့် အခြေအနေနဲ့ပါ ကြုံတွေ့နေရပါပြီ။ ဘာကြောင့်လဲဆိုတော့ မနေ့ညက မန်ယူ (၇)ဂိုး ဂိုးမရှိဆိုတဲ့ အပြတ်အသတ် ရလဒ်မျိုးနဲ့ အနိုင်ရသွားခဲ့လို့ပါ။ ဒါပေမယ့် ခက်တာက ဒီလို ရလဒ်ကြီးဟာ အတိတ်က ရလဒ်ဆိုးတစ်ခုကို သွားပြီး အမှတ်ရစေတာက လေတိုက်ဖို့ထက် လေပြန်အတိုက်ခံဖို့ အကြောင်းဖန် သွားစေခဲ့ရပါတယ်။

Photo Credit : This is Anfield

မန်ယူက နည်းပြ တန်ဟက်ဂ် လက်ထက်မှာ ဒီလောက် ဂိုးအပြတ်အသတ်နဲ့ အနိုင်မရတော့တာ အတော်ကြာနေပါပြီ။ (၄)ဂိုးလောက် သွင်းပြီးရင်တောင် အနည်းဆုံး (၁)ဂိုးလောက်က ပြန်ပြန်ပေးနေရတက်ပြီး ဂိုးပြတ်နိုင်ပွဲထက် ဂိုးပြတ်ရှုံးပွဲတွေကသာ ပိုများနေပါလိမ့်မယ်။ အထူးသဖြင့် လီဗာပူးလ်ကို (7-0) နဲ့ ရှုံးတာ။ မန်စီးတီးကို (6-3) ဘရန့်ဖို့ဒ်နဲ့ ခရစ္စတယ် ပဲလေ့စ်တို့ကို (4-0) နဲ့ ရှုံးနိမ့်တာတွေကတော့ တန်ဟက်ဂ်လက်ထက် ပြောစမှတ်တွင်စရာ ရှုံးပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဒီရှုံးပွဲတွေထဲကမှ လီဗာပူးလ်ကို (၇)ဂိုးပြတ် အများသူငါ ပြောနေကြတဲ့ 7up နဲ့ ရှုံးတာက မန်ယူအတွက်တော့ တကယ်ကို အရှက်အရဆုံး ရှုံးနိမ့်မှု ဖြစ်ခဲ့ပါတယ်။

Photo Credit : Eurosport

ပူပူနွေးနွေးကပဲ ဆရာတန်ရဲ့ မန်ယူဟာ အိုးထရက်ဖို့ဒ်မှာပဲ ကလော့မဟုတ်တော့တဲ့ ဆလော့ရဲ့ လီဗာပူးလ်ကို (0-3) နဲ့ ရှုံးနိမ့်ထားခဲ့ပြန်ပါတယ်။ ဒီရှုံးပွဲကြောင့် တန်ဟက်ဂ် အနာဂတ်က လှုပ်လှုပ်ခတ်ခတ် ဖြစ်လာရပေမယ့် နိုင်ငံတကာ ရက်သတ္တပတ် အပြီးမှာပဲ ဆောက်သမ်တန်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရလိုက်ရာကနေ အခုတော့ လိဂ်ဝမ်းကလပ် ဘန်စလေနဲ့ ကစားရတဲ့ လိဂ်ဖလား တတိယအဆင့်မှာပဲ ရပ်ရှ်ဖို့ဒ် ၊ ဂါနာချို ၊ အန်တိုနီ ၊ အဲရစ်ဆင်တို့ရဲ့ ဂိုးတွေနဲ့ (7-0) ဆိုတဲ့ ရလဒ်မျိုးထိ ထွက်ပေါ်လာအောင် ကစားပြနိုင်ခဲ့ပါတယ်။

Photo Credit : beIN SPORTS

ရုတ်တရက်ဆိုရင်တော့ (၂)ပွဲမှာ (၁၀)ဂိုးသွင်းတယ် အဲ့ဒီ (၂)ပွဲလုံး clean sheets ဆိုပြီး ဂုဏ်ဆာနိုင်ပေမယ့် လာမယ့် စနေနေ့ ပဲလေ့စ်ကွင်းမှာ သွားကစားရမယ့်ပွဲမှာ မန်ယူအစစ်အမှန်ကို မြင်ရနိုင်ပါလိမ့်မယ်။ မန်ယူက အဲ့ဒီပွဲကနေ စပြီးတော့ အောက်တိုဘာ နိုင်ငံတကာပွဲတွေ မတိုင်ခင် (၅)ပွဲဆက်တိုက် ပွဲကျပ်တွေနဲ့ ရင်ဆိုင်သွားရမှာမို့ အဲ့ဒီကာလမှာ အမှတ် ဘယ်လောက်အထိ စုဆောင်းနိုင်မလဲ ဘယ်လိုခြေစွမ်းမျိုး ပြသမလဲဆိုတာ စောင့်ကြည့်ရင်း မန်ယူရဲ့ ခြေအမှန်ကို အဖြေရပါလိမ့်မယ်။

Featured Photo: Manchester United’s X