ကွီးတို့ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် အလုပ်နဲ့ ကိုယ်ပိုင်ဘဝကြား မျှတအောင် ချိန်ညှိနိုင်စွမ်းဟာ ဒီဘက်ခေတ်မှာ မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာပါတယ်။
မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းမှာ အလုပ်ကို အလွန်အကျွံ လုပ်ကိုင်တာကို ဂုဏ်ယူစရာ အောင်မြင်မှုတစ်ခုလို မှတ်ယူနေကြပေမဲ့ အဲဒီ အလေ့အထဟာ လူတွေကို စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအရ အကြီးအကျယ် ပင်ပန်းနွမ်းနယ်စေပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါအပြီး ဒစ်ဂျစ်တယ်စနစ်တွေ ပိုမိုထွန်းကားလာတာနဲ့အမျှ ကိုယ်ရေးကိုယ်တာ အချိန်တွေထဲအထိ အလုပ်ကိစ္စတွေ ဝင်ရောက်နှောင့်ယှက်လာပြီး လူပေါင်းများစွာကို မီးလောင်ရာလေပင့် ဖြစ်စေပါတယ်။
အဲဒီလို ဖိစီးမှုတွေကို လျှော့ချပြီး ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်စေဖို့ လိုက်နာရမယ့် အရေးကြီး အချက်အလက်တွေကို အခုလို စုစည်းဖော်ပြလိုက်ပါတယ်။

အလုပ်နဲ့ဘဝ မျှတမှုကို ပျက်ပြားစေတဲ့ အဓိက အတားအဆီးတွေနဲ့ သက်ရောက်မှုများ
လေ့လာမှု စစ်တမ်းတွေအရ ဝန်ထမ်းတွေဟာ တစ်ပတ်ကို လုပ်ခလစာမရတဲ့ အချိန်ပို ပျမ်းမျှ ၉.၂ နာရီအထိ လုပ်ကိုင်နေရပြီး ဒါဟာ မနှစ်ကထက် ၁.၉ နာရီ ပိုများလာတာ ဖြစ်ပါတယ်။
အဲဒီ အခြေအနေဟာ ကပ်ရောဂါကြောင့် အလုပ်ပြုတ်မှာ စိုးရိမ်စိတ်နဲ့ အလုပ်ကို အလွန်အကျွံ လုပ်ဆောင်လာတာအပြင် အမြဲတမ်း အကျိုးရှိနေရမယ်ဆိုတဲ့ အတွေးအခေါ်တွေကြောင့် ဖြစ်လာတာ တွေ့ရပါတယ်။
Indeed ရဲ့ စစ်တမ်းအရ ၂၀၂၁ ခုနှစ်မှာ ဝန်ထမ်း ၅၂ ရာခိုင်နှုန်းအထိ စိတ်ပိုင်းဆိုင်ရာ ကုန်ခမ်းနွမ်းနယ်မှု (Burnout) ကို ကြုံတွေ့နေရပြီး အဲဒီ ပမာဏဟာ ကပ်ရောဂါမတိုင်မီကထက် ၉ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။
သုတေသနတွေအရ ကမ္ဘာတစ်ဝန်းမှာ အလုပ်ချိန် အလွန်အကျွံ လုပ်ကိုင်ရတာကြောင့် နှစ်စဉ် လူပေါင်း ခုနစ်သိန်းခွဲခန့် အသက်ဆုံးရှုံးနေရတာကြောင့် အလုပ်နဲ့ဘဝကို မျှတအောင် နေထိုင်တတ်ဖို့ အလွန် အရေးကြီးပါတယ်။

လုပ်ငန်းခွင်မှာ လိုက်နာရမယ့် အချက် ၄ ချက်
၁။ အရာရာ စုံလင်ပြည့်စုံရမယ်ဆိုတဲ့ စိတ်ကို လျှော့ချပါ - လူသားတိုင်း အမှားနဲ့ မကင်းနိုင်တာကြောင့် ကိုယ့်ကိုယ်ကိုယ် အမြဲ ပြည့်စုံနေအောင် ဖိအားမပေးဘဲ လက်တွေ့ကျကျ လုပ်ဆောင်ဖို့ လိုပါတယ်။
၂။ လက်တွေ့ကျတဲ့ ပန်းတိုင်တွေ သတ်မှတ်ပါ - လုပ်ငန်းတစ်ခုစီအတွက် လိုအပ်တဲ့ အချိန်ကို သေချာတွက်ချက်ပြီး ပြီးမြောက်နိုင်မယ့် အလုပ်ပမာဏနဲ့ သတ်မှတ်ရက်တွေကို ချိန်ညှိ သတ်မှတ်ရပါမယ်။
၃။ ပွင့်လင်းစွာ ဆက်သွယ်ပြောဆိုပါ - အလုပ်တစ်ခုကို သတ်မှတ်ချိန်အတွင်း မပြီးနိုင်တော့ရင် အကူအညီ တောင်းတာ ဒါမှမဟုတ် အချိန်တိုးတောင်းတာတွေကို မန်နေဂျာ ဒါမှမဟုတ် HR ဌာနနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေး တိုင်ပင်သင့်ပါတယ်။
၄။ ခဏတာ အနားယူချိန်တွေ ယူပါ - သုတေသနတွေအရ အလုပ်ကို မိနစ် ၆၀ ကနေ ၉၀ ကြား လုပ်ကိုင်ပြီးတိုင်း ခဏတာ အနားယူပေးတာဟာ အာရုံစူးစိုက်မှုနဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို ပိုမို တိုးတက်စေပါတယ်။

အိမ်မှာ လိုက်နာရမယ့် အချက် ၄ ချက်
၁။ ကိုယ့်အတွက် ကိုယ်ပိုင်အချိန် ပေးပါ - စိတ်လက်အပန်းဖြေဖို့ အချိန်သီးသန့် ဖယ်ထားပြီး ကိုယ်နှစ်သက်တဲ့ အရာတွေကို လွတ်လပ်စွာ လုပ်ဆောင်သင့်ပါတယ်။
၂။ ကိုယ့်ကိုယ်ကိုယ် ပြင်းပြင်းထန်ထန် အပြစ်မတင်ပါနဲ့ - အလုပ်နဲ့ဘဝ မျှတအောင် လုပ်ဆောင်တဲ့နေရာမှာ တစ်ခါတလေ သတ်မှတ်ထားတဲ့အတိုင်း မဖြစ်လာရင်လည်း စိတ်ဖိစီးမှု ထပ်မယူဘဲ နားလည်ပေးဖို့ လိုပါတယ်။
၃။ စိတ်ကို အနားပေးနိုင်မယ့် အရာတစ်ခု ရှာဖွေပါ - မိသားစုနဲ့ အချိန်ကုန်ဆုံးတာပဲဖြစ်ဖြစ်၊ ဝါသနာပါတဲ့ အနုပညာတစ်ခုခု လုပ်တာပဲဖြစ်ဖြစ် အလုပ်ခွင်ကနေ စိတ်ထွက်ပေါက်ရစေမယ့် အရာတစ်ခုခုကို ပုံမှန် ပြုလုပ်ရပါမယ်။
၄။ အလုပ်ချိန်ပြင်ပမှာ အီးမေးလ်နဲ့ ဖုန်းတွေကို မဖြေပါနဲ့ - အလွန် အရေးမကြီးရင် ရုံးဆင်းချိန်တွေမှာ အလုပ်က လာတဲ့ ဖုန်းနဲ့ အီးမေးလ်တွေကို အကြောင်းမပြန်ဘဲ ကိုယ်ပိုင်ဘဝနဲ့ အလုပ်ကို ရှင်းရှင်းလင်းလင်း စည်းခြားထားဖို့ လိုပါတယ်။

အလုပ်ရှင်တွေနဲ့ HR မန်နေဂျာတွေ လိုက်နာရမယ့် အချက် ၄ ချက်
၁။ လိုက်လျောညီထွေရှိတဲ့ လုပ်ငန်းခွင် ဖန်တီးပေးပါ - အလုပ်ချိန် ပြောင်းလွယ်ပြင်လွယ် သတ်မှတ်ပေးတာ ဒါမှမဟုတ် အိမ်ကနေ အလုပ်လုပ်ခွင့် ပေးတာတွေဟာ ဝန်ထမ်းတွေရဲ့ ကုန်ထုတ်စွမ်းအားကို ပိုမို မြင့်တက်စေပါတယ်။
၂။ ခေါင်းဆောင်တွေက စံနမူနာပြပါ - မန်နေဂျာတွေနဲ့ အထက်လူကြီးတွေ ကိုယ်တိုင်က အလုပ်ကို ဦးစားပေးခွဲခြားပြီး အနားယူတတ်တဲ့ စံပြအလေ့အထတွေကို ဦးဆောင် ပြသရပါမယ်။
၃။ ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးကို ပုံမှန် မေးမြန်းစစ်ဆေးပါ - နာမည်မဖော်ပြရတဲ့ စစ်တမ်းတွေ ဒါမှမဟုတ် တစ်ဦးချင်း တွေ့ဆုံမေးမြန်းမှုတွေကနေတစ်ဆင့် ဝန်ထမ်းတွေ ခံစားနေရတဲ့ ဖိစီးမှုတွေကို သိရှိအောင် လုပ်ဆောင်ပေးသင့်ပါတယ်။
၄။ ရှင်းလင်းတဲ့ မူဝါဒတွေ ချမှတ်ကျင့်သုံးပါ - ကုမ္ပဏီတွေအနေနဲ့ အလုပ်နဲ့ဘဝ မျှတစေမယ့် စည်းမျဉ်းတွေကို သေချာ ထုတ်ပြန်ပေးရပါမယ်။ ဥပမာအားဖြင့် Netflix ကုမ္ပဏီဟာ ကလေးမွေးဖွားတဲ့ မိဘနှစ်ပါးစလုံးအတွက် လစာပြည့် ခွင့်ရက် ၅၂ ပတ်အထိ ပေးအပ်ထားတာကို တွေ့ရပါတယ်။
Ref: bebs


