Foldable စမတ်ဖုန်းလို့ ခေါ်တဲ့ ခေါက်ဖုန်းတွေကတော့ လက်ရှိ စမတ်ဖုန်း ဈေးကွက်ထဲမှာ အရှိန်အဟုန်နဲ့ ဆက်လက် ကြီးထွားလာနေပါတယ်။ ဒါကြောင့် Apple အနေနဲ့လည်း ခေါက်ဖုန်း ဈေးကွက်ထဲကို ခြေဆန့်ဖို့ ကြံရွယ်နေပြီ လာမယ့်နှစ် အနည်းငယ်အတွင်းမှာ Foldable iPhone တွေကို မြင်တွေ့ရနိုင်တယ်လို့ ကောလဟာလ သတင်းမျိုးစုံ ထွက်နေပါတယ်။

လက်ရှိမှာတော့ TrendForce ရဲ့ သတင်းထုတ်ပြန်ချက် တစ်ခုအရ Apple ကနေ ၂၀၂၇ ခုနှစ်မတိုင်မီ ခေါက်ဖုန်း တွေကို ထုတ်နိုင်ဖွယ် မရှိသေးဘူးလို့ ပြောထားပြီး အကြောင်းကတော့ ကုမ္ပဏီအနေနဲ့ ခေါက်ဖုန်းတွေရဲ့ လိုအပ်ချက်တွေကို သေချာလေး ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားနေတာကြောင့်လို့ ဆိုထားပါတယ်။

Photo : GSMArena.com

အဓိကအားဖြင့် Apple ဟာ Samsung နဲ့ မတူတဲ့ ဖုန်းရဲ့ မျက်နှာပြင်ကို ခေါက်ပြီး ပြန်ဖြည်လိုက်ချိန်မှာ ခေါက်ရိုးဖြစ်နေတာမျိုး မရှိတဲ့ ခေါက်ဖုန်း မျိုးကို ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားတာပါ။ ဒါကြောင့်လည်း Apple အနေနဲ့ ယုံကြည်စိတ်ချရတဲ့ အနေအထားတစ်ခုအထိ ရောက်အောင် ခေါက်ဖုန်းထုတ်လုပ်မယ့် ယန္တရားကို နောက်ထပ်နှစ် အနည်းငယ်အထိ အချိန်ယူ ပြင်ဆင်နေပုံ ရပါတယ်။

TrendForce ရဲ့ လေ့လာသုံးသပ် သူတွေကတော့ Apple ဟာ သူတို့ရဲ့ ပထမဆုံး ခေါက်နိုင်တဲ့ iPhone Fold ရဲ့ Specifications နဲ့ Performance ပိုင်းကို စမ်းသပ်အကဲဖြတ်နေတုန်းသာ ရှိသေးတယ်လို့ ဆိုထားပြီး အချိန်အနည်းငယ်တော့ ကြာနိုင်ဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။

အကယ်၍များ ယခင်ထွက်ပေါ်လာတဲ့ သတင်းတွေအရ Apple အနေနဲ့ ၂၀၂၇ ခုနှစ်မှာ iPhone Fold ကို စတင်ရောင်းချမယ်ဆိုရင်တော့ ထုတ်လုပ်ပြင်ဆင်မှုပိုင်းကို လာမယ့် နှစ်ထဲမှာ စတင်နိုင်ဖွယ် ရှိနေပါတယ်။

Photo : GSMArena.com

တစ်ချိန်တည်းမှာပဲ ယခုနှစ် အစောပိုင်းမှာ Huawei ရဲ့ ခေါက်ဖုန်း တွေက Samsung ကို ကျော်တက်ပြီး ကမ္ဘာ့ နံပါတ် ၁ ရောင်းအား အကောင်းဆုံး Foldable စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲ့ပြီး Samsung အနေနဲ့လည်း ခေါက်ဖုန်းဘုရင် သရဖူကို ပြန်ယူနိုင်ဖို့ နောက်လထဲမှာ Z Fold6 နဲ့ Z Flip6 တို့ကို ကြေညာသွားဖို့ ပြင်ဆင်နေပါတယ်။

ဒါပေမယ့် Huawei တို့ကလည်း Q3 မှာ ကမ္ဘာ့ပထမဆုံး Tri-Fold စမတ်ဖုန်းကို မိတ်ဆက်ဖို့ စီစဉ်ထားတာကြောင့် လာမယ့် ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်းမှာ ကြီးမားတဲ့ အလှည့်အပြောင်း သတင်းတွေကို ကြားရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Source : GSMArena.com

Featured Photo : AppleInsider