ပြင်းရှရှ ဆွဲအားမြင့်တဲ့ရနံ့နဲ့ အရှိန်တက်တဲ့ ဝီစကီအရသာ ဆိုရင် စကော့တွေကို ညွှန်းကြပါတယ်။ စကော့ဝီစကီတွေက တစ်ငုံချင်း တဖြည်းဖြည်း အရသာခံ ရတဲ့အမျိုး ဖြစ်ပြီး ရေလေး နည်းနည်းစွက်မှ အဝင်သက်သာတာမျိုးပါ။ စကော့တလန်မှာ မထုတ်ရင် Scotch တွေလို့ ဘယ်တော့မှ ပြောလို့မရပါဘူး။ စကော့ဝီစကီတွေအကြောင်းပြောရင် အခြေခံအားဖြင့် နှစ်ပိုင်းခွဲပြောကြပါတယ်။ Single-Malt နဲ့ Blends ပါ။

Single-Malts နဲ့ Blends ဘာကွာသလဲဆိုရင် ထုတ်လုပ်မှုနည်းပညာလို့ ပြောရမှာပါ။ Single-Malt စကော့ဝီစကီတွေက ရေနဲ့ ဘာလီကနေ ထုတ်လုပ်ထားတာပါ။ စက်ရုံတစ်ရုံတည်းကပဲ တစ်ကြိမ်ပဲ ပေါင်းခံချက်လုပ်ပြီး ပုလင်းထဲ ထည့်တာ ဖြစ်ပါတယ်။ စည်ကတော့ အမျိုးမျိုး ကွဲနိုင်ပါတယ်။ ဥပမာ Bruichladdich အရက်ချက်စက်ရုံထုတ် Single Malt မှာ စည်အမျိုးမျိုးက ဝီစကီတွေ လာရင်လာမယ်။ ချက်တာကတော့ Bruichladdich မှာပဲ ဆိုတာမျိုး ဖြစ်ပါတယ်။

Photo: Fortune

Blended Malt တွေက ချက်လုပ်တဲ့ စက်ရုံအမျိုးမျိုးက လာတဲ့ Single Malt တွေ ကို နှစ်မျိုး ၊ သုံးမျိုးစပ် ထုတ်လုပ်တာ ဖြစ်ပါတယ်။ Malt Whisky ကို ဈေးသက်သာတဲ့ Grain Whisky နဲ့ရောစပ်ထားတာမျိုးပါ။ Blended တွေမှာ Blended Malt စကော့ဝီစကီ ၊ Blended Grain စကော့ဝီစကီ နဲ့ Blended စကော့ဝီစကီဆိုပြီး အမျိုးမျိုး ရှိကြပါတယ်။ Johnnie Walker ၊ Dewar’s ၊ Chivas Regal နဲ့ J& B တို့ကတော့ နာမည်ကြီးတဲ့ Blended Scotch ဝီစကီတွေ ဖြစ်ပါတယ်။

Scotch ထုတ်ဝီစကီတွေက ဘာလီသုံး ထုတ်ရတာ ပိုသဘောကျပါတယ်။ အခုနောက်ပိုင်း ရိုင်းဂျုံမျိုးနဲ့လည်း ချက်လုပ်လာကြပါတယ်။ ပါဝင်ပစ္စည်းတွေအနေနဲ့ ဘာလီအပြင် ရေ ၊ တဆေးနဲ့ အရောင်တင်ပစ္စည်းတို့ပဲ ဖြစ်ပါတယ်။ Single Malt နဲ့ Blended နှစ်မျိုးမှာ နာမည်ပိုကြီးတာက Single Malt ဖြစ်ပါတယ်။ Blended တွေထဲမှာလည်း Single Malt ထက် ပိုပြီး ဆွဲဆောင်အားကောင်းတဲ့ Blends တွေ ရှိပါတယ်။

ပုံမှန်အားဖြင့် Blends တွေက Single Malt တွေထက် ဈေးသက်သာပါတယ်။ စကော့ဝီစကီတွေဟာ အနည်းဆုံး ဝက်သစ်ချသားစည်ထဲမှာ ၃ နှစ်ကြာသက်တမ်းထားရပါတယ်။ တစ်ခါတလေမှာ ဒီ ဝက်သစ်ချသားစည်တွေကို Sherry တို့ Bourbon တို့လို ယမကာတွေ သက်တမ်းသိုလှောင်ဖို့ သုံးကြပါတယ်။ စည်ထဲမှာ ထားပြီး သိုလှောင်ရတဲ့အကြောင်းအရင်းက ဝက်သစ်ချသားဟာ တခြား သစ်သားတွေလိုပဲ ရေစိမ့်ပြီး အပြင်လေစိမ့်ပါတယ်။

Photo: luxatic

ဝက်သစ်ချသားစည်ထဲမှာ ထားတဲ့ Scotch ဟာ စည်အပေါက်လေးတွေထဲကနေ စိမ့်ပြီး ဝက်သစ်ချပင်ရဲ့ အနံ့ပါ ဝီစကီမှာ စွက်လာတာကြောင့် ဖြစ်ပါတယ်။ ဝီစကီသက်တမ်းရင့်လေလေ အနံ့လေးက ဆွဲဆောင်အားကောင်းလေလေပါပဲ။ ဝီစကီတွေကို တစ်ကမ္ဘာလုံးမှာ ထုတ်လုပ်ပါတယ်။ စကော့အပြင် ကနေဒါ ၊ ဩစတြေးလျ နဲ့ ဂျပန်မှာလည်း ထုတ်တာပါပဲ။ ဒါပေမဲ့လည်း စကော့ဒေသကြီး ၅ ခုထွက်တဲ့ ဝီစကီတွေကတော့ ကမ္ဘာမှာ မျက်နှာပန်းပိုလှတာ အမှန်ပဲ ဖြစ်ပါတယ်။