အပြင်းမသောက်ချင်တဲ့ ကွီးတို့အတွက်တော့ ဘီယာက ရွေးချယ်စရာအကောင်းဆုံး အဖျော်ယမကာတစ်မျိုးပဲ ဖြစ်ပါတယ်။ ဘီယာတွေထဲမှာလည်း မတူညီတဲ့အမျိုးအစားပေါင်း များစွာရှိပြီး ရွေးချယ်စရာအတော်လေးကို စုံလင်လှပါတယ်။ ဘီယာသောက်ကြပြီဆိုရင်တော့ ဘီယာနဲ့ တွဲဖက်စားမယ့် အမြည်းကိုလဲ သေချာပေါက် စဉ်းစားကြရမှာ မဟုတ်လားဗျ။ ဒီတစ်ခေါက်မှာ အသောက်များဆုံး ဘီယာအမျိုးအစားတွေနဲ့ ဘီယာရဲ့အရသာကို ပိုမိုကောင်းမွန်စေမယ့် အလိုက်ဖက်ဆုံး အစားအစာ စာရင်းကို ကွီးတို့အတွက် မျှဝေပေးချင်ပါတယ်။

(၁) Light Lagers

Photo : iStock

Light Lagers ဘီယာအမျိုးအစားက လူအကြိုက်အများဆုံးနဲ့ အပျော့ဆုံးဘီယာတစ်မျိုးပဲ ဖြစ်ပါတယ်။ အနည်းငယ် ခါးသက်သက်ရှိပြီး ပေါ့ပေါ့ပါးပါးနဲ့ လန်းဆန်းတဲ့ အရသာကို ပေးစွမ်းပါတယ်။ Light Lagers ဘီယာဟာ အမြည်းရွေးစရာမလိုအောင် တော်တော်များများနဲ့ လိုက် ဖက်မှုရှိပြီး ကြက်တောင်ပံကြော် (အစပ်) ၊ အားလူးချောင်းကြော် ၊ Hot dogs ၊ ခေါက်ဆွဲကြော် ၊ ငါးအသားလွှာကြော်တွေနဲ့ တွဲစားရင်တော့ အလိုက်ဖက်ဆုံးပါပဲ။

(၂) Wheat Beers

Photo : iStock

Wheat Beers ဆိုတာကတော့ ဂျုံနဲ့ မုယောစပါးစေ့တွေကို ရောစပ်ချက်လုပ်ထားတဲ့ ဘီယာအမျိုးအစား ဖြစ်ပါတယ်။ အနံ့ခပ်မွှေးမွှေးလေးနဲ့ သောက်ရတဲ့အရသာက တခြားဘီယာတွေထက် ချောမွေ့ပြေပြစ်မှုရှိပါတယ်။ Wheat Beers ဟာလည်း အမြည်းစွယ်စုံရတဲ့ ဘီယာလို့ ပြောရမှာဖြစ်ပြီး ကြက်ကြော် ၊ ခေါက်ဆွဲအစပ် ၊ Salads ၊ သစ်သီးစုံနဲ့ အဆာသွတ်မုန့်တို့နဲ့ အလိုက်ဖက်ဆုံးဖြစ်ပါတယ်။

(၃) India Pale Ales

Photo : iStock

India Pale Ales (IPAs) က‌တော့ ဘီယာစတိုင်တော်တော်များများ ပေါင်းစပ်ပါဝင်တဲ့ဘီယာတစ်မျိုးဖြစ်ပြီး hops ၊ ဆေးဖက်ဝင်အပင်တွေနဲ့ သစ်သီးတို့ရဲ့ထူးကဲတဲ့အရသာကို ခံစားရစေပါတယ်။ ခါးသက်သက် ပြင်းရှရှအရသာမျိုးနဲ့ အယ်ကိုယ်ဟောပါဝင်မှုများပြီး Hops ပါဝင်မှု အနည်းအများပေါ်မူတည်ပြီး အရသာကွဲပြားသွားပါတယ်။ ဒီဘီယာနဲ့အလိုက်ဖက်ဆုံးအမြည်းကတော့ နံရိုးကင် ၊ အာလူးကြော် ၊ ချိစ်ချောင်းကြော် ၊ Steak ၊ Burritos နဲ့ ကြက်သားချိုချဉ်ကြော်တို့ပဲ ဖြစ်ပါတယ်။

(၄) Dark Lagers

Photo : iStock

Lager အမျိုးအစားများစွာရှိတဲ့ထဲကမှ Dark Lagers ဘီယာရဲ့ အရသာက အတော်လေးထူးခြားမှုရှိပါတယ်။ လှော်ထားတဲ့ မုယောနဲ့ ထန်း လျက်ရည်ရဲ့ ရောစပ်ချက်လုပ်မှု ခါးသက်သက်နဲ့ ချိုရီယစ်မူးစေတဲ့ အရသာဆန်းဆန်းလေးကို ခံစားရစေမှာဖြစ်ပါတယ်။များသော အားဖြင့် Dark Lagers ဘီယာက ဥရောပတခွင်မှာလူကြိုက်များပြီး ဥရောပအစားအစာတွေနဲ့ လိုက်ဖက်ပါတယ်။ ဝက်အူချောင်း ၊ ဘာဂါ ၊ ပီဇာတို့နဲ့ တွဲဖက်စားမယ်ဆို အကောင်းဆုံးပါပဲ။

(၅) Stouts

Photo : iStock

Stouts ဘီယာကတော့ အနက်ရောင်ချောကလက်လို ခါးသက်သက်အရသာနဲ့ ပြင်းရှတဲ့ ဘီယာလို့ လူသိများပါတယ်။ Stouts လို့ခေါ်တဲ့ အနက်ရောင်ဘီယာတွေက အယ်ကိုလ်ဟောပါဝင်မှုများပြီး strong ဖြစ်တဲ့ အရသာကို ခံစားရစေပါတယ်။ အသားကင် ၊ ပင်လယ်ပုစွန်ကင် ၊ ကမာ(သံပုရာ) ၊ အမဲသားကင်တို့နဲ့ တွဲဖက်စားလို့ အကောင်းဆုံးဖြစ်ပြီး ချောကလက် mousse လိုအချိုပွဲတွေနဲ့လည်း လိုက်ဖက်မှုရှိတဲ့ဘီယာအမျိုးအစားဖြစ်ပါတယ်။

Featured Photo : Food Navigator