နည်းပညာဟာ လူ့စွမ်းဆောင်ရည်နဲ့ နေထိုင်မှုဘဝကို ပုံဖော်ပေးရာမှာ အဓိက ကဏ္ဍမှာ ရှိပါတယ်။ နည်းပညာသစ်တွေက ကျွန်တော်တို့ ဆက်သွယ်ရေး ၊ ဖျော်ဖြေမှု ၊ ကျန်းမာရေး ၊ အလုပ်အကိုင်နဲ့ နေထိုင်မှုဆိုင်ရာတွေ တစ်ဆင့်မြှင့်တင်ပေးပါတယ်။ ဒါကြောင့်ပဲ ခေတ်သစ် နည်းပညာတွေအကြောင်းကို မေ့လျော့မထားဖို့ လိုပါတယ်။

ပြောင်းလဲလာတဲ့ နည်းပညာရေစီးကြောင်းသစ်ဟာ ၂၀၂၂ ခုနှစ်မှာ ပိုလို့ အားကောင်းလာပြီး နောက်ထပ်အရွေ့သစ်တွေ ဆောင်ကြဉ်းလာဖို့ ရှိပါတယ်။ ဒီလို အရွေ့သစ်တွေထဲကမှ ၂၀၂၂ ခုနှစ်ထဲမှာ Trends ဖြစ်လာနိုင်တဲ့ လူသုံးကုန်နည်းပညာကြီးတွေအကြောင်း Forbes မဂ္ဂဇင်းက ခန့်မှန်းထားတဲ့အတိုင်း ဖော်ပြလိုက်ပါတယ်။

(၁) Smarter Things

Photo: Unsplash

Smart Devices တွေရဲ့ ပထမမျိုးဆက်ဟာ စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်နိုင်တဲ့ စမတ် TV တွေဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ ဉာဏ်ရည်မြင့်ပါဝါစီမံခန့်ခွဲမှုပါ ဖုန်းတွေနဲ့ ဘက်ထရီ အားခံအောင် လုပ်ရာကနေ ဓါတ်ပုံရုပ်ထွက်ပိုကောင်းအောင် အဆင့်မြင့်တဲ့ ပုံရိပ်ဖော် Imaging Algorithm နဲ့ မောင်းသူမဲ့ကားတွေမှာ သုံးမယ့် အလိုအလျောက်မောင်းစနစ်တွေအထိ ဆန်းသစ်လာနေပါတယ်။ အခုခေတ်မှာ အွန်လိုင်း Content တွေ ကြည့်တာ ၊ စမတ် TV တွေမှာ AI ပါလာပြီး ပတ်ဝန်းကျင်ပေါ်လိုက်ပြီး အသံနဲ့ ရုပ်ထွက်အလင်းအမှောင်ခံစားမှု ပေးတာတွေလည်း လုပ်ဆောင်လာနိုင်ပါတယ်။

(၂) Metaverse

Photo: Unsplash

၂၀၂၂ ခုနှစ်ကစလို့ အသံကျယ်ကျယ် ကြားရမယ့် နည်းပညာတစ်ခုက Metaverse လို့ခေါ်တဲ့ ပုံရိပ်ယောင်မြင်ကွင်းတုကမ္ဘာဖြစ်ပါတယ်။ Facebook ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ ကုမ္ပဏီကို Meta အဖြစ် ပြောင်းခဲ့သလို ကုမ္ပဏီရဲ့ ရှေ့ဆက်မယ့် ပရောဂျက်ကိုလည်း Metaverse ဖန်တီးရေးအဖြစ် ဦးတည်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ Microsoft ၊ Nvidia နဲ့ တခြားနည်းပညာကုမ္ပဏီကြီးတွေကလည်း လူပုံတူ Avatar တွေ ဖန်တီးပြီး ပုံရိပ်ယောင်အွန်လိုင်းကမ္ဘာထဲမှာ အလုပ်လုပ်တာ ၊ ဂိမ်းကစားတာ ၊ ဆက်သွယ်တာတွေ လုပ်ဖို့ ရည်မှန်းချက်ထားလာကြပါတယ်။

Metaverse နဲ့အတူ VR/AR ထုတ်ကုန်တွေလည်း ပိုပြီး တွင်တွင်ကျယ်ကျယ် ထုတ်လုပ်လာဖို့ ရှိသလို အဆင့်မြင့် VR တွေမှာဆိုရင် အပြင်မှာလိုမျိုး အနံ့နဲ့ အထိအတွေ့တွေပါ ခံစားနိုင်စွမ်းတွေ ပါဝင်လာဖို့ ရှိပါတယ်။ VR/AR Headset တွေကို Facebook ၊ HTC ၊ Sony ၊ ZTE တို့လို ကုမ္ပဏီတွေအနေနဲ့ အပြိုင်အဆိုင် ထုတ်လုပ်လာဖို့ပါ မျှော်လင့်ရပါတယ်။

(၃) 5G

Photo: Unsplash

လူသုံးကုန် နည်းပညာတွေထဲမှာ အများပြည်သူအကြား တွင်ကျယ်လာမယ့် နည်းပညာတစ်ခုက ပဉ္စမမျိုးဆက် ဆက်သွယ်ရေးနည်းပညာ 5G ဖြစ်ပါတယ်။ 4G ထက် အဆပေါင်း ၂၀ ကျော် မြန်မယ့် 5G နည်းပညာဟာ မိုဘိုင်းဖုန်းနဲ့ အိမ်သုံးအင်တာနက်အထိ ရောက်လာနိုင်ပါတယ်။ 5G ကြောင့် Cloud Gaming နဲ့ VR လိုမျိုး အဆင့်မြင့်ဂိမ်းကစားမှုအတွေ့အကြုံကို မြှင့်တင်နိုင်သလို 8K ရုပ်ထွက်မြင့် Streaming တွေလည်း ကြည့်ရှုခံစားနိုင်မှာပါ။ နောက်ပိုင်းမှာ 5G နဲ့ အဝေးထိန်းကျန်းမာရေးစောင့်ရှောက်ကုသမှုတွေပါ လုပ်ဆောင်လာဖို့ ရှိပါတယ်။

(၄) Domestic Robots

Photo: Unsplash

စမတ်အိမ်သုံးနည်းပညာတွေထဲမှာ Smart Home နဲ့ IoTs ထုတ်ကုန်တွေ ပါဝင်ပါတယ်။ ဒီနှစ်ထဲမှာ Domestic Tech Products အနေနဲ့ အိမ်သုံးစက်ရုပ်တွေနဲ့ အိမ်အရောက်ပစ္စည်းနဲ့ အစားအသောက်ပို့စက်ရုပ်တွေလည်း ခေတ်စားလာဖို့ ရှိပါတယ်။ ကိုဗစ်ကပ်ဘေးအတွင်းမှာ Social Distancing အတွက် စက်ရုပ်တွေ သုံးလာကြပြီး စက်ရုပ်တွေကိုလည်း အိမ်သုံး ၊ ရုံးသုံးအပြင် ကလေးငယ်နှင့် သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေးသုံး Healthcare Monitoring တွေအထိ အသုံးချလာဖို့ ရှိပါတယ်။

(၅) NFT & Cryptocurrency

Photo: Unsplash

Blockchain နည်းပညာပေါ် အခြေခံပြီး ဖန်တီးသိမ်းဆည်းတဲ့ NFTs နဲ့ Cryptocurrency တွေဟာ ၂၀၂၂ မှာရော နောက်ဆယ်စုနှစ်အထိပါ ကျယ်ပြန့်တဲ့ နည်းပညာစီးပွားရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာကို NFT ဖန်တီးရောင်းချရာကနေ ဒေါ်လာသန်းနဲ့ချီ ရတဲ့ သူတွေ ရှိပါတယ်။ Cryptocurrency ကတော့ ဈေးကွက်သဘောအရ သေချာမှု မရှိပေမယ့် Digital Currency တွေရဲ့ အလားအလာနဲ့ ဖွံ့ဖြိုးမှုကို လျှော့တွက်လို့ မရပါဘူး။

Featured Photo: symanto