တစ်သက်လုံး အသက်ရှုလာခဲ့တာပဲ မဆန်းဘူးလို့ ထင်ကြမှာပါ။ တကယ်တော့ အသက်ရှုခြင်းဟာ အသက်ဆက်ပေးနေခြင်းပါပဲ။ နည်းစနစ်တကျ အသက်ရှုတတ်ရင် လူလည်း ကျန်းမာစိတ်လည်း ချမ်းသာရာ ရပါတယ်။ အခုလို ကိုဗစ်ကပ်အတွင်းမှာ အဆုတ်ထဲ အောက်ဆီဂျင်ကောင်းကောင်း အရောက်ပို့ပေးနိုင်မယ့် အသက်ရှုနည်းစနစ်တွေကို နေ့တိုင်းပုံမှန်လုပ်ပေးသွားဖို့ လိုပါတယ်။ ဒါကြောင့် အဆုတ်ကျန်းမာရေးအတွက် ထိရောက်တဲ့ အသက်ရှုလေ့ကျင့်ခန်း ၃ ခုကို မျှဝေပေးလိုက်ပါတယ်။

(၁) Diaphragmatic Breathing

Photo: physicalsolutionsli

ရင်ဝမ်းတားကြွက်သားကို အားပြုပြီး အသက်ရှုတာပါ။ သက်တောင့်သက်သာရှိနေချိန်မှာ ဒီလေ့ကျင့်ခန်းကို သုံးတာ အကောင်းဆုံးပါပဲ။ အရင်ဆုံး ကြမ်းပြင်ပေါ် ကျောခင်းလှဲထားပါ။ လက်တစ်ဖက်ကို ရင်ဘတ်ပေါ်ထားပြီး ကျန်တဲ့လက်ကို နံရိုးတွေအောက် တည့်တည့်ထားပြီး အသက်ကို နှာခေါင်းကနေ ဖြည်းဖြည်းချင်းရှုပါ။ ရင်ဘတ်ကို ငြိမ်အောင်ထားပြီး ဝမ်းဗိုက်ထဲ လေတွေ ပြည့်လာတယ်လို့ ခံစားရတဲ့အထိ ရှုပါ။ ဗိုက်ကြွက်သားတွေ တော့ထားပြီး နှုတ်ခမ်းကို စူထားပြီး အသက်ရှုထုတ်ပါ။ ဒီအတိုင်း ထပ်တလဲလဲ လုပ်ပေးရမှာ ဖြစ်ပါတယ်။

(၂) Belly Breathing

Photo: Mindful

အဆုတ်ကို သွေးပူလေ့ကျင့်ခန်း မဆင်းခင် ၁၀ ကြိမ်လောက် Belly Breathing နည်းနဲ့ အသက်ပြင်းပြင်းရှုရမှာ ဖြစ်ပါတယ်။ အိပ်ရာ ဒါမှမဟုတ် ကြမ်းပြင်ပေါ် လူက လဲလျောင်းပြီး လက်တွေကို ဗိုက် (အစာအိမ်) ပေါ် တင်ထားရမှာပါ။ ဗိုက်ထဲလေရောက်အောင်အထိ အသက်ပြင်းပြင်း ရှုသွင်းပါ။ ဗိုက်ကြီးတစ်ခုလုံး ဖောင်းကားလာတယ်လို့ ခံစားရပါလိမ့်မယ်။ အသက်ကို ဖြည်းဖြည်းချင်း ပြန်ရှုထုတ်ပါ။ ဆက်ကာဆက်ကာ လုပ်ပေးပါ။

(၃) Pursed-Lips Breathing

Photo: lifeline

နှုတ်ခမ်းကို ချွန်ချွန်လေး စုထားပြီး အသက်ရှုတဲ့နည်းပါ။ အသက်ရှုမှုအလုပ်ကို လျှော့ချပေးပြီး အဆုတ်ရဲ့ လုပ်ဆောင်ချက်ကို ပိုလွယ်အောင် ဒီနည်းက လုပ်ပေးပါတယ်။ ခါးမတ်မတ်ထိုင်ထားပါ။ တရားထိုင်ရင် သုံးတဲ့ ကူရှင်လေးလည်း တင်ပါးအောက်ခုထားလို့ ရပါတယ်။ အသက်ကို နှာခေါင်းကနေ ရှုပါ။ နှုတ်ခမ်းတွေကို လေချွန်တော့မယ့်ပုံစံမျိုး စုထားပါ။ အဲ့ဒီလိုအနေအထားနဲ့ အသက်ကို နှုတ်ခမ်းကနေ ဖြည်းဖြည်းလေး ရှုထုတ်သွားပါ။ ဒီနည်းလေးကိုလည်း ထပ်တလဲလဲ လုပ်ပေးနိုင်ပါတယ်။