ကပ္ပတိန် အမေရိကလို့ နာမည်ပြောင် ရရှိထားသူ ချယ်လ်ဆီးအသင်းရဲ့ အမေရိကန် တိုက်စစ်ကစားသမား ခရစ္စတီယန် ပူလီဆစ် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ ချယ်လ်ဆီးကနေ အေစီမီလန်အသင်းဆီကို သေချာပေါက် ပြောင်းရွှေ့သွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : We Ain’t Got No Histroy

အသက် (၂၄)နှစ်အရွယ်ရှိ အမေရိကန် လက်ရွေးစင် ကစားသမား ပူလီဆစ်ဟာ ၂၀၁၉ခုနှစ်ကမှ ဒေါ့မွန်ကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးမှာတော့ ဘောလုံးရာသီ (၄)ရာသီအထိ ဖြတ်သန်းခဲ့ပါတယ်။ အဲ့ဒီ (၄)ရာသီအတွင်းမှာ ချယ်လ်ဆီးရဲ့ နည်းပြ အပြောင်းအလဲတွေ အမြောက်အများ ဖြစ်ပေါ်ခဲ့ရာ ပူလီဆစ် ရဲ့ ပွဲကစားခွင့်တွေကလည်း ကမောက်မက ဖြစ်ခဲ့ရပြီး လက်ရှိမှာလည်း နည်းပြသစ် ပိုချက်တီနိုရဲ့ အနာဂတ် plan ထဲမှာ မပါဝင်တော့တာကြောင့် ပူလီဆစ်က စတမ်းဖို့ဒ် ဘရစ်ချ်ကနေ လုံးဝ စွန့်ခွာသွားရပါတော့မယ်။

Photo Credit : Sporting News

ကစားသမားဘဝအတွင်း ဒေါ့မွန် နဲ့ ချယ်လ်ဆီးတို့မှာ ပွဲပေါင်း (၂၇၀)ကျော် ပါဝင်ကစားခဲ့ဖူးပြီး အမေရိကန်အတွက်လည်း ပွဲပေါင်း (၆၀) ပါဝင်ထားတဲ့ အတွေ့အကြုံရှိ ဒီကစားသမားကို အခု ဈေးကွက်ထဲမှာ အေစီမီလန် နဲ့ လိုင်ယွန်တို့က အပြိုင် ကြိုးပမ်းခဲ့ရာ ပူလီဆစ် ကိုယ်တိုင်ကတော့ မီလန်ကိုပဲ ရွေးချယ်သွားခဲ့ပါတယ်။ မီလန်ကလည်း ပူလီဆစ်နဲ့ personal agreed ရထားပြီးတာမို့ ချယ်လ်ဆီးနဲ့ သဘောတူညီမှု ထပ်မံ ရရှိဖို့သာ ကျန်ရှိနေတော့ပြီး (၂)ကြိမ်အထိ ကြိုးပမ်းခဲ့ရာ အောင်မြင်မှု ရရှိသွားခဲ့ပါတယ်။

Photo Credit : The New York Times

ချယ်လ်ဆီးက ပူလီဆစ် အတွက် မီလန်ရဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း (၂၀) + အပိုဆုကြေးဆိုတဲ့ ကမ်းလှမ်းချက်ကို လက်ခံသွားခဲ့တာကြောင့် မီလန်က ပူလီဆစ်ကို ခေါ်ယူနိုင်ရေးမှာ အလုံးစုံ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ယခင်ကတည်းက ချယ်လ်ဆီး ကစားသမားတွေဖြစ်တဲ့ ဂျရူး တိုမော်ရီ လော့တပ်ဖ်ချိတို့ကို ခေါ်ယူထားခဲ့တဲ့ မီလန်ဟာ အခုလည်း နောက်ထပ် ချယ်လ်ဆီး ကစားသမားဖြစ်သူ ပူလီဆစ်ကို ခေါ်ယူနိုင်တော့မှာဖြစ်ပြီး နောက်ထပ်လည်း ကစားသမားသစ်တွေကို ထပ်မံ ခေါ်ယူ အားဖြည့်ဖွယ်လည်း ရှိနေပါတယ်။

Featured Photo : Clutch Points