အမ်မီနမ်ဟာ သူ့ရဲ့မျိုးဆက်မှာ ပါရမီအရှိဆုံး အနုပညာရှင်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်အစောပိုင်းမှာ အောင်မြင်မှု စတင်ရရှိခဲ့ပြီး လက်ရှိအချိန်အထိလည်း အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်သူဖြစ်ပါတယ်။ အမ်မီနမ်ဟာ သူ့ရဲ့အနုပညာသက်တမ်းတလျှောက် အယ်လ်ဘမ် ၁၁ ခု ထုတ်လုပ်ခဲ့ပြီး ၂၀၀၂ ခုနှစ်က ဂီတဒရာမာဇာတ်ကားဖြစ်တဲ့ 8 Mile မှာ သရုပ်ဆောင်ခဲ့သလို The Wash, Funny People,The Interview တို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

အခု ဖော်ပြပေးချင်တဲ့အကြောင်းအရာကတော့ အမ်မီနမ်ရဲ့ အထင်ကြီးဖွယ်အကောင်းဆုံး ဂင်းနစ်ကမ္ဘာ့စံချိန်တွေထဲက အချို့ ဖြစ်ပါတယ်။

(၆) သီချင်းတစ်ပုဒ်ထဲမှာ စကားလုံးအများဆုံး သီဆိုနိုင်သူ

Photo: southpawers

အမ်မီနမ်ဟာ စတူဒီယို အယ်လ်ဘမ် ၈ ခုမြောက်မှာ တတိယမြောက် တကိုယ်တော်ခွေဖြစ်တဲ့ Rap God ကို ဖြန့်ချိခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက ၆ မိနစ်နဲ့ ၄ စက္ကန့်အတွင်း စကားလုံး ၁၅၆၀ လုံးအထိ ရက်ပ်ရွတ်နိုင်ခဲ့ပြီး တစ်စက္ကန့်ကို စကားလုံး ၄.၂၈ လုံး ပျမ်းမျှအားဖြင့် ရွတ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

(၅) အမေရိကန်အယ်လ်ဘမ်ဇယားမှာ နံပါတ် ၁ ဆက်တိုက်အချိတ်နိုင်ဆုံးသူ

Photo: uDiscover Music

အမ်မီနမ်ဟာ ယူအက်စ်ဘီလ်ဘုတ် ၂၀၀ ဇယားမှာ နံပါတ် ၁ အယ်လ်အမ်အဖြစ် ၁၀ ကြိမ်ဆက်တိုက် နေရာယူနိုင်ခဲ့တဲ့ ရက်ပ်ပါတစ်ဦးဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ထုတ်လွှင့်ခဲ့တဲ့ Music to be Murdered လို့ အမည်ရတဲ့ စတူဒီယိုအယ်လ်ဘမ်ကို ဖြန့်ချိခဲ့ချိန်မှာ စံချိန် ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကန်ယေး ဝက်စ်က အမ်မီနမ်ရဲ့နောက်မှာ ၉ ကြိမ်ဆက်တိုက်နဲ့ အမီလိုက်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ အမ်မီနမ်ရဲ့ ၁၀ ကြိမ်ဆက်တိုက် ဘီလ်ဘုတ်မှာ နံပါတ် ၁ ချိတ်ခဲ့တဲ့ အယ်လ်ဘမ်တွေကတော့ Kamikaze (2018), Revival (2017), The Marshall Mathers LP 2 (2013), Recovery (2010), Relapse (2009), Curtain Call: The Hits (2005), Encore (2004), The Eminem Show (2002),The Marshall Mathers LP (2000) တို့ ဖြစ်ပါတယ်။

(၄) သီချင်းတစ်ပုဒ်ထဲမှာ အမြန်ဆုံး ရက်ပ်ရွတ်ဆိုနိုင်သူ

Photo: brobible

အမ်မီနမ်ဟာ သီချင်းတစ်ပုဒ်ထဲမှာ ရက်ပ် အမြန်ဆုံး ရွတ်နိုင်တဲ့ စံချိန်ကိုလည်း ပိုင်ဆိုင်ထားပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ဖြန့်ချိခဲ့တဲ့ နံပါတ် ၁ တကိုယ်တော် အယ်လ်ဘမ်ဖြစ်တဲ့ Music to Be Murdered By ထဲက Godzilla အမည်ရတဲ့ သီချင်းရဲ့ အပိုဒ်တစ်ခုမှာ စက္ကန့် ၃၀ အတွင်း စကားလုံးပေါင်း ၂၂၅ လုံး(တစ်စက္ကန့်ကို ၇.၅ လုံး) ကို ရွတ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီမြန်နှုန်းဟာ ၂၀၁၈ ခုနှစ်က နစ်ကီ မီနာ့ဂျ်ရဲ့ မက်ဂျက်စတီ သီချင်းထဲမှာ သူ ကိုယ်တိုင် ရွတ်ဆိုခဲ့တဲ့ ၁၂ စက္ကန့်အတွင်း စကားလုံး ၇၈ လုံး(တစ်စက္ကန့်ကို ၆.၅ လုံး) စံချိန်ကို ကိုယ်တိုင် ချိုးဖျက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

(၃) ဖေ့စ်ဘွတ်ခ်မှာ Likes အများဆုံးရရှိထားတဲ့ ဂီတပညာရှင်

Photo: independent

အမ်မီနမ် နောက်ထပ် ရရှိထားတဲ့ ဂင်းနစ် ကမ္ဘာ့စံချိန်တစ်ခုကတော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ Likes အများဆုံး ရရှိထားတဲ့ အနုပညာရှင်ဆိုတဲ့ စံချိန်ပဲ ဖြစ်ပါတယ်။ အဲဒီစံချိန်ကို ၂၀၂၁ ခုနှစ် ဧပြီလကတည်းက ရရှိထားခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာဟာ Likes ပြုလုပ်သူပေါင်း ၉၁၆၇၈၁၂၈ ဦး ရှိနေခဲ့တာဖြစ်ပါတယ်။

(၂) ရောင်းအားအမြန်ဆုံး ရက်ပ်ဂီတပညာရှင်

Photo: eminem news

အမ်မီနမ်ဟာ ၂၀၀၀ ပြည့်နှစ် မေလတုန်းက ထုတ်လုပ်ခဲ့တဲ့ The Marshall Mathers LP အယ်လ်ဘမ်ကတည်းက ဒီ စံချိန်ကို ရရှိထားခဲ့တာဖြစ်ပြီး အမေရိကားမှာ စတင်ဖြန့်ချိခဲ့တဲ့ ပထမအပတ်မှာပဲ အယ်လ်ဘမ် အချပ်ရေ ၁.၇၆ သန်း ရောင်းချခဲ့ရတာဖြစ်ပါတယ်။

(၁) ဝေါဟာရအကြွယ်ဆုံး အသံသွင်းအနုပညာရှင်

Photo: The Detroit News

နောက်ဆုံးအနေနဲ့ အမ်မီနမ် တင်ထားတဲ့ စံချိန်ကတော့ ဝေါဟာရအကြွယ်ဆုံး အသံသွင်းအနုပညာရှင်ဆိုတဲ့ စံချိန်ပဲ ဖြစ်ပါတယ်။ Musixmatch က ၂၀၁၅ ခုနှစ် ဇွန်လမှာ လေ့လာခဲ့တဲ့ စစ်တမ်းအရ တသက်တာ အကြီးမားဆုံး ရောင်းချခဲ့တဲ့ အနုပညာရှင် ၉၉ ဦးမှာ အမ်မီနမ်က ရက်ပ်နယ်ပယ်မှာ ဝေါဟာရ အကြွယ်ဝဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။ စစ်တမ်းအရ အမ်မီနမ်ဟာ သူ့ရဲ့ သီချင်းတွေမှာ သူမတူတဲ့ စကားလုံးပေါင်း ၈၈၁၈ လုံး သုံးစွဲခဲ့ပြီး ဂျေးဇီးက ၆၈၉၉ လုံးနဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

Featured Photo: southpawers