ဂန်းနားတပ်သား မစ္စတာ ဘင်ဝှိုက်ကတော့ “သူငယ်ချင်းလေးပါတဲ့ သူငယ်ချင်းလေးပဲတဲ့ကွယ်” ဆိုတာမျိုး မဖြစ်ရတော့ပဲ သူရဲ့ အခင်မင်ရဆုံး မိန်းကလေး သူငယ်ချင်းကို သူရဲ့ ဘဝ လက်တွဲဖော်အဖြစ် တစ်သက်လုံး အတူတကွ လက်တွဲသွားရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : The Sun

ဘင်ဝှိုက် နဲ့ မီလီအဒမ်စ်တို့ နှစ်ဦးဟာ အချိန်အကြာကြီး ခင်မင်ကျွမ်းဝင်ခဲ့တဲ့ သူငယ်ချင်းတွေဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကပဲ ဘင်ဝှိုက်က မီလီအဒမ်စ်ကို လက်ထပ်ခွင့်တောင်းထားခဲ့တာ ဖြစ်သလို အခု မေ(၂၁)ရက်နေ့ Super Sunday မှာလည်း လန်ဒန်မြို့က Old Marylebone မြို့တော်ခန်းမကြီးမှာ လက်ထပ်ထိန်းမြားခဲ့တာ ဖြစ်ပါတယ်။ ဒီ မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ကြည်နူးစရာ ဓါတ်ပုံတွေများစွာကို ဘင်ဝှိုက်က သူရဲ့ အင်စတာဂရမ်ပေါ်မှာ မျှဝေပေးထားခဲ့ပြီး ဓါတ်ပုံတစ်ပုံမှာဆိုရင် ဘင်ဝှိုက်တို့ စုံတွဲလေး ချစ်ကြည်နူး တစ်တီတူးပြီး မွမွပေးနေတာလေးကိုလည်း အသည်းယားစွာ မြင်တွေ့ရပါလိမ့်မယ်။

Photo Credit : Instagram

သူငယ်ချင်းတွေကနေ ချစ်သူတွေ နောက်ပြီး အကြင် လင်မယားတွေထိပါ ရာထူးတက်သွားခဲ့ရတဲ့ ဘင်ဝှိုက်က ဒီရာသီ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ဆုဖလားကြီးကို ပိုင်ဆိုင်နိုင်ဖို့ အနီးစပ်ဆုံး အခြေအနေထိ ရောက်ခဲ့ပြီးမှ ရာသီကုန်ခါနီး အသင်းက ယိမ်းယိုင်သွားခဲ့ရာကနေ title မျှော်လင့်ချက် အဆုံးသတ်ခဲ့ရသလို ဖလားလက်မဲ့ ရာသီအဖြစ်နဲ့ပါ ရှိသွားခဲ့ရပါတယ်။ ဒါပေမယ့် ဒီလို စိတ်ပျက်စရာ အခြေအနေတွေကြားကပဲ သူ အရမ်းချစ်ရတဲ့ မော်ဒယ်မလေး မီလီအဒမ်စ်နဲ့ အခုလို ရွှေလက်တွဲသွားနိုင်တာက ဘင်ဝှိုက်အတွက်တော့ အလွန် ပျော်စရာ အခြေအနေလေး ဖြစ်စေမှာ အသေအချာပါပဲ။

Photo Credit : Sky Sports

အသက် (၂၅)နှစ်အရွယ် ရှိနေပြီဖြစ်သော ဘင်ဝှိုက်က ဆောက်သမ်တန် လူငယ်အသင်းကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ဘရိုက်တန်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့သလို နယူးပို့တ် ပီတာဘရော့ချ် နဲ့ လိဒ်စ်တို့မှာ အငှားနဲ့ သွားကစားခဲ့ရင်း ၂၀၂၁ခုနှစ်ကမှ အာဆင်နယ်အသင်းဆီ ပေါင် သန်း(၅၀)နဲ့ ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

Featured Photo : The Sun