မန်ချက်စတာဒါဘီ အက်ဖ်အေဖလား ဖိုင်နယ်ပွဲစဥ်ကတော့ နှစ်ရာသီဆက်တိုက် ကစားခဲ့ရပြီး မနှစ်က Treble Champions ဖြစ်ခဲ့တဲ့ မန်ချက်စတာ စီးတီးအသင်းက ရယူနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းက မနှစ်က ရှုံးကြွေးကို ပြန်ဆပ်ရင်း အက်ဖ်အေဖလား ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

Photo Credit: The Busby Babe

ဒီပွဲစဥ်မတိုင်ခင်မှာ ဘောလုံးပရိသတ်တွေက မန်စီးတီးပဲ မန်ယူကို အနိုင်ရပြီး (၂)ရာသီဆက် အက်ဖ်အေဖလား ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ယူဆခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ မန်ယူက ပထမပိုင်း ပွဲချိန်အတွင်းမှာပဲ ဆယ်ကျော်သက် ချာတိတ်လေးတွေဖြစ်တဲ့ ဂါနာချို မိန်းနူးတို့ရဲ့ ဂိုးတွေ ဦးဆောင်ခဲ့ရင်း နိုင်ပွဲ ပိုင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ မန်စီးတီးက ဖိအားပေး ကစားနိုင်ခဲ့ပြီး ဒိုကူက ချေပဂိုး သွင်းယူခဲ့ပေမယ့် မန်ယူက သူတို့ရဲ့ အနိုင်ရလဒ်ကို ဆက်ထိန်းထားရင်း ရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့ပါတယ်။

Photo Credit: TEAMtalk

တကယ်တော့ မန်ယူက ဒီရာသီမှာ ဒဏ်ရာပြဿနာပေါင်း များစွာနဲ့ လုံးပန်းနေခဲ့ရတဲ့အပြင် အသင်းရလဒ်တွေ ကမောက်မကဖြစ်ခဲ့တာကြောင့်လည်း နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ အနာဂတ် အခြေအနေက မရေမရာ ပိုဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် ဒီအက်ဖ်အေဖလား ဖိုင်နယ်ပွဲအပြီးမှာပဲ တန်ဟက်ဂ် ရာထူးကနေ ထုတ်ပယ်ခံရတော့မယ်ဆိုတဲ့ သတင်းတွေကလည်း အတော်လေးကို ဟိုလေးတကျော်ကျော် ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် တန်ဟက်ဂ်ကတော့ ဒီသတင်းတွေကို ဂရုစိုက်မနေပဲ သူ့အသင်းအတွက် အက်ဖ်အေဖလားကိုသာ အရယူပေးခဲ့ပါတယ်။

Photo Credit: Football365

အခုဆိုရင် မန်ယူအသင်းဟာ နည်းပြတန်ဟက်ဂ်လက်ထက်မှာ လိဂ်ဖလားတစ်လုံး အက်ဖ်အေဖလားတစ်လုံး ပိုင်ဆိုင်ခဲ့ပြီး နှစ်ရာသီဆက်တိုက် ဖလားလက်မဲ့ မဖြစ်ခဲ့သလို ဒီရာသီမှာဆိုရင်လည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားထဲ အဆင့်(၈)သာ ရခဲ့ပေမယ့် အက်ဖ်အေဖလား ရယူနိုင်ခဲ့တာကြောင့် ယူရိုပါလိဂ်ဝင်ခွင့် ရသွားခဲ့ပါတယ်။ ဒီအခြေအနေအရဆိုရင်တော့ မန်ယူက နည်းပြအပြောင်းအလဲ လုပ်ဆောင်တာထက် လက်ရှိနည်းပြ တန်ဟက်ဂ်နဲ့သာ နောက်တစ်ရာသီလောက် ဆက်သွားသင့်ပြီး တန်ဟက်ဂ်ကတော့ အသင်းဘက်ကနေသာ သူ့ကို ဘယ်လိုမှ အလိုမရှိတော့ဘူးဆိုရင် သူက တခြား အသင်းတစ်သင်းသင်းကို သွားပြီး ဆုဖလားတွေ ထပ်ယူသွားမယ်လို့ ပြောဆိုထားခဲ့ပါတယ်။

Featured Photo: United in Focus