ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ကနေ ကြီးမှူးကျင်းပတဲ့ The Best FIFA Football Awards ဆုပေးပွဲရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်သော FIFA FIFPRO World XI အကောင်းဆုံးအသင်းအတွက် ဆန်ခါတင် စာရင်းဝင်နေတဲ့ ကစားသမား (၂၆)ယောက်ကို မနေ့ညကပဲ ထုတ်ပြန်လာခဲ့ရာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမားလေး ဗင်နီစီယပ်စ် ဂျူနီယာက ဒီဆန်ခါတင်စာရင်းမှာ မပါဝင်လာတာကို အံ့အားသင့်စဖွယ် တွေ့မြင်လာခဲ့ရပါတယ်။

Photo Credit : Twitter

၂၀၂၂ခုနှစ်အတွင်း အကောင်းဆုံးသော စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ကြတဲ့ ကစားသမားတွေကို ထည့်သွင်း ရွေးချယ်ထားတဲ့ FIFPRO World XI ရဲ့ ဆန်ခါတင်စာရင်းမှာ ဘောလုံးပရိသတ်တွေ လက်ခံနိုင်လောက်စရာ ရွေးချယ်မှုက များတယ်လို့ ဆိုနိုင်ပေမယ့်လည်း ပြီးခဲ့တဲ့နှစ်အတွင်း အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားတချို့ ဒီစာရင်းထဲ မပါလာတာကိုတော့ အတော်လေး စိတ်ပျက်နေကြပါတယ်။ ဒီကစားသမားထဲကမှ ဗင်နီစီယပ်စ် ချန်လှပ်ခံခဲ့ရတာက ဘောလုံးပရိသတ်တွေအတွက် ပိုပြီးတော့ကို ပြောစရာ ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Managing Madrid

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်ထဲမှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ လာလီဂါ အမှတ်ပေးဖလား ၊ ဥရောပ ချန်ပီယံလိဂ်ဖလား ၊ ဥရောပ စူပါဖလား ၊ စပိန် စူပါဖလား အစရှိတဲ့ ဆုဖလားတွေ သိမ်းပိုက်နိုင်ခဲ့သလို ချန်ပီယံလိဂ်ဖိုင်နယ်မှာပါ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သူ ဗင်နီစီယပ်စ် လို ကစားသမားမျိုးကို FIFPRO World XI ရဲ့ shortlist မှာ ချန်လှပ်ထားခဲ့တာက တကယ်ကို မဖြစ်သင့်တာလို့ ဆိုရပါမယ်။

Photo Credit : Managing Madrid

ဗင်နီစီယပ်စ် က ၂၀၂၂ခုနှစ်ထဲမှာ ဒီဆုဖလားတွေကိုသာ ရယူနိုင်ခဲ့တာ မဟုတ်သေးပဲ ရီးယဲလ်အတွက် (၂၁)ဂိုးသွင်းယူပြီး (၁၈)ဂိုး ဖန်တီးပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ စပိန် လာလီဂါပြိုင်ပွဲတို့ရဲ့ တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမား (၁၁)ဦးစာရင်းမှာပါ ထည့်သွင်း ရွေးချယ်ခံခဲ့ရပါသေးတယ်။ ဘောလုံးပရိသတ် အများစုကတော့ လက်ရှိ ဆော်ဒီကလပ် အယ်လ်နာဆာကို ရောက်ရှိနေတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် ဗင်နီစီယပ်စ်သာ ဒီ ဆန်ခါတင်စာရင်းမှာ ပါဝင်လာသင့်တယ်လို့ မှတ်ချက်ပြု ဝေဖန်ထားကြပါတယ်။

Featured Photo : Twitter