အားကစားသမားတွေကို နံပါတ်စဉ်တပ်ပြီး နေရာပေးရတာ ခက်ပါတယ်။ ကွင်းထဲမှာ အတော်ဆုံးဆိုတဲ့ ဘောလုံးသမားချင်းတူရင်တောင် သူ့ရဲ့ အားကစားသမားတွေအပေါ် လွှမ်းမိုးမှု ဩဇာနဲ့ သူရဲ့ အရေးပါမှုအခန်းကဏ္ဍကိုပါ ထည့်တွက်ရလို့ ဖြစ်ပါတယ်။

ဘောလုံးအားကစားလို လူတိုင်းရဲ့ စိတ်နှလုံးကို သိမ်းကျုံးယူနိုင်တဲ့ အားကစားတစ်ခုမှာ အထင်ကရအဖြစ်ဆုံး အားကစားသမားစာရင်းကို ပြရာမှာ ပိုလို့တောင် ခက်ခဲပါတယ်။ ဒါပေမယ့်လည်း ဘောလုံးလောကမှာ အကြီးကျယ်ဆုံးလို့ အများက သတ်မှတ်ထားတဲ့ ကစားသမားတွေထဲက ၅ ဦးအကြောင်း ပြောပြချင်ပါတယ်။

(၅) Zinedine Zidane

Photo: chaseyoursport

ကွင်းလယ်တိုက်စစ်အဖြစ် ကစားခဲ့တဲ့ ပြင်သစ်ဘောလုံးသမား ဇီဒန်းကို အကျော်ကြားဆုံးဘောလုံးသမားတစ်ဦးအဖြစ် ညွှန်းကြပါတယ်။ ကလပ်အသင်း ပွဲပေါင်း ၅၀၆ ပွဲမှာ ဂိုးပေါင်း ၉၅ ဂိုးသွင်းပြီး နိုင်ငံတကာပွဲပေါင်း ၁၀၈ ပွဲမှာ ၃၁ ဂိုးသွင်းခဲ့တဲ့ သူဟာ မွတ်စလင်အားကစားသမားတွေထဲက နာမည်အကြီးဆုံး ဘောလုံးသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဇီဒန်းဟာ ဘလွန်းဒီအောဆုတစ်ကြိမ်ရခဲ့သလို ဖီဖာရဲ့ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ၃ ကြိမ် ရထားသူလည်း ဖြစ်ပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားမှာ အီတလီကစားသမား မာကို မာတာရာဇီကို ခေါင်းနဲ့ပစ်ဆောင့်ခဲ့တဲ့ သူ့ရဲ့ ဖြစ်ရပ်ကလည်း ဘောလုံးသမိုင်းမှာ အမှတ်တရအဖြစ်ဆုံး ဖြစ်ရပ်တစ်ခုပါပဲ။ အခုတော့ သူဟာ ကစားသမားဘဝကနေ အနားယူပြီး ရီးရဲလ်အသင်းမန်နေဂျာအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

(၄) Cristiano Ronaldo

Photo: The Guardian

ဘလွန်းဒီအော ၅ ဆုရှင် ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို အကြီးကျယ်ဆုံးဘောလုံးသမားတစ်ဦးအဖြစ် လက်ခံထားကြပါတယ်။ လက်ရှိမှာ စီးရီးအေက ဂျူဗင်တပ်အသင်းမှာ ကစားနေသလို ပေါ်တူဂီအသင်းမှာလည်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားပါတယ်။ ၂၀၀၉ ခုနှစ်က မန်ချက်စတာယူနိုက်တက်ကနေ ရီးရဲလ်မက်ဒရစ်ကို အမြင့်ဆုံးကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၁၇ မှာ ပဥ္စမမြောက် ဘလွန်းဒီအောဆု ရခဲ့တဲ့ သူ့ကို ရုပ်အဖြောင့်ဆုံးဘောလုံးသမားတွေထဲက တစ်ဦးအဖြစ်လည်း သတ်မှတ်ထားပါတယ်။

(၃) Diego Maradona

Photo: britannica

အာဂျင်တီးနားကွင်းလယ်တိုက်စစ် အကျော်အမော် မာရာဒိုနာကို ခေတ်အဆက်ဆက် အကောင်းဆုံး ဘောလုံးသမားလို့ ဆိုပါတယ်။ ကလပ်အသင်းပွဲပေါင်း ၄၉၁ ပွဲမှာ ၂၅၉ ဂိုး ၊ နိုင်ငံတကာပွဲပေါင်း ၉၁ ပွဲမှာ ၃၄ ဂိုး သွင်းခဲ့တဲ့သူဟာ ၁၉၆၀ အောက်တိုဘာ ၃၀ ရက်နေ့က မွေးဖွားခဲ့ပြီး ၂၀၂၀ နိုဝင်ဘာ ၂၅ ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။ မာရာဒိုနာကို ဘုရားပေးတဲ့လက် Hand of God ဂိုးနဲ့ လူသိများပါတယ်။ ဘာပဲ ဖြစ်ဖြစ် မာရာဒိုနာကို ကမ္ဘာ့အကြီးကျယ်ဆုံး ထိပ်ဆုံး ၅ ဦးမှာ နေရာပေးဖို့တော့ ထိုက်တန်ပါတယ်။

(၂) Lionel Messi

Photo: france24

အကောင်းဆုံးဘောလုံးသမားတွေထဲမှာ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ မပါလို့ မဖြစ်ပါဘူး။ ဘလွန်းဒီအောဆု ၆ ဆုအထိ ရရှိထားတဲ့ အထူးချွန်ဆုံးကစားသမားတစ်ဦးဖြစ်ပြီး ဘလွန်းဒီအော (ရွှေဘောလုံးဆု) အများဆုံးဆုရှင်လည်း ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းက ကစားလာခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့မှာ လမ်းခွဲခဲ့ပြီးနောက် ပြင်သစ်ကလပ် PSG နဲ့ နှစ်နှစ်စာချုပ်ချုပ်ပြီး ပြောင်းရွှေ့သွားခဲ့ပါတယ်။

(၁) Pele

Photo irishtimes

ဘရာဇီးတိုက်စစ်နဲ့ ကွင်းလယ်ကစားသမား ပီလီကို ကမ္ဘာ့အကြီးကျယ်ဆုံး ဘောလုံးသမားအဖြစ် သတ်မှတ်ထားပါတယ်။ ကလပ်အသင်း ပွဲပေါင်း ၅၆၀ မှာ ၅၄၁ ဂိုး ၊ နိုင်ငံတကာပွဲပေါင်း ၉၂ ပွဲမှာ ၇၇ ဂိုး သွင်းခဲ့တဲ့ ဘောလုံးမှော်ဆရာတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ခေတ်သူ့အခါက ကြေးအမြင့်ဆုံး ဘောလုံးသမားလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ ဘောလုံးသမိုင်းနဲ့ စာရင်းအင်းဖက်ဒရေးရှင်းကတော့ ပီလီကို ရာစုနှစ်ရဲ့ အကြီးကျယ်ဆုံးဘောလုံးအကျော်အမော်အဖြစ် ဘွဲ့ချီးမြှင့်ထားပါတယ်။