Comfort Zone ဆိုတာ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုကို သင့်ကိုယ်သင်ခွင့်မပြုတဲ့ စိတ်အခြေအနေတစ်ခု ဖြစ်ပါတယ်။ Comfort Zone မှာ ခဏလောက်နေတာက အဆင်ပြေနိုင်ပေမယ့် သင့်ဘဝတိုးတက်ပြောင်းလဲချင်တယ်ဆိုရင်တော့ ဒီကနေထွက်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။ သင့်အနေနဲ့ Comfort zone ကို ဖြတ်ကျော်ပြီး အပြင်ကို ရုန်းထွက်နိုင်ပြီဆိုရင် စိတ်လှုပ်ရှားစရာကောင်းတဲ့ ကမ္ဘာသစ်တစ်ခုက သင့်ကို စောင့်ကြိုနေမှာပါ။

(၁) ပိုသန်မာတဲ့ လူတ‌‌‌‌စ်ယောက်ဖြစ်လာမယ်

Photo : Bestania

သင့်အနေနဲ့ ကြောက်နေနိုင်ပေမယ့်လည်း comfort zone က ထွက်လိုက်တာနဲ့ တစ်ပြိုင်နက်ဒါက ကြီးကြီးမားမားမဟုတ်ဘူးဆိုတာကိုတွေ့မြင်ရမှာပါ။ အပြောင်းအလဲနဲ့ကြုံရတဲ့အခါ မလုံခြုံသလိုခံစားရတာက သဘာဝပါပဲ။ ပထမအဆင့်အနေနဲ့ သင့်ကိုယ်သင် မသေချာမရေရာမှုတွေက ကြောက်စရာကောင်းတယ်ဆိုတာကို သိရှိနားလည်နိုင်ပြီး အကောင်းမြင်စိတ်နဲ့ ပြန်လည်ချဉ်းကပ်ဖို့ အရေးကြီးပါတယ်။ ရံဖန်ရံခါ မှားနိုင်ပေမယ့်လဲရှေ့ကို ဆက်လျှောက်နေတဲ့အခါ၊ အချိန်ကြာလာတာနဲ့အမျှ သင်ဟာ နောက်ကြောင်းပြန်ကြည့်ပြီး ကိုယ့်ကိုယ်ကို ဂုဏ်ယူနေပါလိမ့်မယ်။

(၂) ဖန်တီးနိုင်စွမ်းအား ပိုကောင်းလာမယ်

Photo : Pacific Standard

Comfort zone က ထွက်ခွာတာဟာ ဖြစ်နိုင်ခြေအသစ်တွေနဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို လှုံ့ဆော်ပေးပြီး လုပ်ရိုးလုပ်စဉ်ကနေပြောင်းလဲစေပါတယ်။ Applied Cognitive Psychology (2012) မှာ ထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ခုအရ နိုင်ငံပြင်ပမှာ စာသင်ခဲ့ရတဲ့ ကျောင်းသားတွေဟာ သူတို့ရဲ့ မွေးရပ်မြေမှာသင်ခဲ့ရတဲ့ ကျောင်းသားတွေထက် တီထွင်ဖန်တီးမှုပိုကောင်းမွန်တာကို စမ်းသပ်မှု နှစ်ခုမှာတွေ့ခဲ့ရပါတယ်။ ဒီကိုယ်ရည်ကိုယ်သွေးက စွန့်စားလေ့ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ စရိုက်လက္ခဏာတစ်ခုဖြစ်ပါတယ်။ သူတို့တွေက သူတို့ကိုယ်သူတို့ စိန်ခေါ်တာ ဒါမှမဟုတ် အသစ်အသစ်သောအရာတွေကို အမြဲတမ်းလုပ်ဖို့ ကြိုးစားနေတတ်ကြပါတယ်။

(၃) သင့်ကိုယ်သင် ယုံကြည်မှုကို ရရှိစေနိုင်တယ်

Photo : Daily Mail

သင်ရဲ့ Comfort zone မှ ထွက်ခွာပြီး ရည်မှန်းချက်တွေ အောင်မြင်အောင် ခြေလှမ်းစလှမ်းခြင်းဟာ သင့်ရဲ့ စွမ်းဆောင်နိုင်မှုအပေါ် ယုံကြည်မှုတွေ ၊ အပေါ် အပြုသဘောဆောင်သော သက်ရောက်မှုတွေ ရှိလာစေမှာဖြစ်ပါတယ်။ ဒီသဘောတရားကို လူမှုသင်ယူခြင်းသီအိုရီကို တီထွင်ခဲ့တဲ့ စိတ်ပညာရှင် Albert Bandura က မိတ်ဆက်ရှင်းပြပေးခဲ့ပါတယ်။ ဒါ့ကြောင့် သက်တောင့်သက်သာအခြေအနေက ရုန်းထွက်ဖို့ စမ်းသပ်လိုက်တာနဲ့ တပြိုင်နက် သင့်ကိုယ့်သင် ကျွမ်းကျင်မှုအသစ်တွေရှိနေတာကို သတိထားမိပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ တိုးလာမှာပါ။

(၄) လူသစ်တွေနဲ့တွေ့ဆုံပြီး အခွင့်အလမ်းအသစ်တွေ ရရှိစေနိုင်တယ်

Photo : Forbes

နောက်ဆုံးတစ်ချက်ကတော့ ပတ်ဝန်းကျင်အသစ်မှာ အတွေ့အကြုံသစ်၊ လူသစ်တွေနဲ့ တွေ့ဆုံလာရပြီး အရင်ကသင်မကြုံဘူးသေးတဲ့အခွင့်အလမ်းအသစ်တွေကို ရရှိစေပါတယ်။ အရင်ကဖြစ်နိုင်ခြေမရှိဘူးလို့ ထင်ထားတဲ့အရာတွေလည်း တကယ်လက်တွေ့ဖြစ်လာတယ်ဆိုတာကိုတွေ့ရမှာပါ။

အင်္ဂလိပ် ဆိုရိုးစကားတစ်ခွန်းအနေနဲ့ – “ဘဝက သက်သာသက်သာ အနေအထားရဲ့အဆုံးမှာ စတင်တယ်လို့” ပြောပါတယ်။ ဒါကအမှန်ပါပဲ။ ဒါဆို သင်လိုချင်တဲ့ဘဝကို စတင်ဖို့ အချိန်တန်လောက်ပါပြီ။ အခုပြောပြသွားတဲ့ အကြံပြုချက်များကို လက်တွေ့အသုံးချပြီးတော့ နှစ်သစ်မှာသင်လိုချင်တဲ့အရာတွေကို အကောင်အထည်နိုင်ဖို့မျှော်လင့်ပါတယ်။

Featurred Photo : Lifehack