လက်ရှိအချိန်မှာ အောင်မြင်နေတဲ့ အားကစားသမားများအားလုံးသည် ချက်ချင်းကြိုးစား ချက်ချင်း အောင်မြင်လာကြတဲ့သူတွေ မဟုတ်ကြပါဘူး။ အခက်အခဲ အတားအဆီးပေါင်းများစွာကို ကျော်ဖြတ်ပြီးမှသာလျှင် သူတို့လိုချင်တဲ့ အောင်မြင်မှုဆိုတာကြီးကို ရရှိပိုင်ဆိုင်လာကြတာဖြစ်ပါတယ်။

သာမန်အလယ်အလတ်ဘဝကနေ အောင်မြင်လာသူတွေလည်း ရှိကြသလို ဘာမှမရှိတဲ့ ဇီးရိုးဘဝကနေ ဟီးရိုးအဖြစ်သို့ ပြောင်းလဲခဲ့သူတွေလည်း ရှိကြပါတယ်။ ထိုသူတွေကတော့ …

Michael Oher

Photo Source: Sbnation

Michael ရဲ့ ကလေးဘဝသည် အင်မတန်ကို ခက်ခဲကြမ်းတမ်းခဲ့တာပါ။ မွေးချင်းပေါင်း ၁၁ ယောက်ရှိပြီး သူ့မိခင်ကလည်း ဆေးစွဲနေသူတစ်ယောက်ဖြစ်သလို အဖေသည်လည်း ထောင်ကို အိမ်ဦးနဲ့ ကြမ်းပြင်လို ဝင်ထွက်သွားလာနေတဲ့သူတစ်ယောက်ပါ။ ဆိုဆုံးမမယ့်သူ၊ ထိန်းကျောင်းမယ့်သူ မရှိတဲ့ ကလေးတစ်ယောက်သည် မူလတန်းကျောင်းမှာပင်လျှင် အမှတ်တွေ မကောင်းခဲ့တဲ့အပြင် ၉ နှစ်အတွင်းမှာပဲ ကျောင်းပေါင်း ၁၁ ကျောင်း ပြောင်းတက်ခဲ့ရတာ ဖြစ်ပါတယ်။

သူ့အသက် ၇ နှစ်မှာတော့ အိမ်ခြေယာမဲ့ဘဝသို့ ရောက်သွားခဲ့ရတဲ့အတွက်ကြောင့် ကလေးသူငယ်စောင့်ရှောက်ရေး အိမ်မှာပဲ ကြီးပြင်းလာခဲ့ရတာပါ။ ဒါ့အပြင် သူ့အဖေကလည်း ထောင်ထဲမှာပဲ အသတ်ခံခဲ့ရတာပါ။ Michael တစ်ယောက် ဘယ်လိုလုပ် အောင်မြင်လာသလဲဆိုတာကို ပြည့်ပြည့်စုံစုံသိချင်တယ်ဆိုရင်တော့ အကယ်ဒမီဆုရရုပ်ရှင်တစ်ခုဖြစ်တဲ့ The Blind Side ကို ကြည့်ရှုနိုင်ပါတယ်။ ထိုဇာတ်ကားသည် မိုက်ကယ်ကို ဂုဏ်ပြုကာ ရိုက်ကူးထားခြင်းဖြစ်ပါတယ်။

Manny Pacquiao

Photo Source: Washingtontimes

Manny ရဲ့ဘဝသည်လည်း ချောမွေ့ခဲ့တာမဟုတ်ပါဘူး။ ယခုအချိန်မှာတော့ ကမ္ဘာ့အတော်ဆုံး လက်ဝှေ့သမားအဖြစ် ရပ်တည်နေပေမယ့် သူ့ငယ်ဘဝကတော့ ညစ်ပတ်ပေရေနေတဲ့ ကြမ်းပြင်ပေါ်မှာ နေထိုင်ရင်း အစာရေစာ ငတ်ပြတ်ခဲ့တဲ့ နေ့တွေကိုလည်း ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

သူ့မိသားစုကို တစ်ဖက်တစ်လမ်းကနေ ကူညီဖဖို့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ အန္တရာယ်များတဲ့ လမ်းမထက်မှာ ပေါင်မုန့်ရောင်းရင်း ပိုက်ဆံရှာခဲ့တာပါ။ ဒီလိုနဲ့ အသက် ၁၆ နှစ်အရွယ်မှာတော့ သူ့ရဲ့အရည်အချင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး လက်ဝှေ့ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံအဖြစ် အမည်တွင်ခဲ့ပြီး ဝိတ်တန်း လေးတန်းစလုံးအတွက် ဆုတံဆိပ်ပေါင်းများစွာကိုလည်း ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

Usain Bolt

Photo: Olympics

Usain Bolt ရဲ့ကြီးပြင်းရာ မြို့ငယ်လေးသည် ရေမရ၊ မီးမလာတဲ့ မြို့ငယ်လေးဖြစ်ပါတယ်။ သူငယ်ငယ်တုန်းကတော့ သူ့အစ်ကိုတွေနဲ့ ကလေးပီပီ ဘောလုံးကန်ကာ ဆော့ကစားလေ့ရှိပါတယ်။ အထက်တန်းလွှာဘဝမှာ မနေနိုင်ခဲ့ပေမယ့် သူ့ရဲ့အရည်အချင်းနဲ့ ဇွဲ့၊ လုံ့လ ရှိမှုက ကမ္ဘာ့အမြန်ဆုံး အပြေးလူသားတစ်ယောက်အဖြစ် အောင်မြင်ကျော်ကြားစေခဲ့တာဖြစ်ပါတယ်။

Herschel Walker

Herschel Walker သည် အငြိမ်းစားဘောလုံးသမားတစ်ယောက်ဖြစ်ပါတယ်။ သူသည် ငယ်ငယ်က အဝလွန်သူတစ်ယောက်ဖြစ်သလို စကားထစ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ထို့အတွက်ကြောင့်လည်း တခြားကလေးတွေရဲ့ အနိုင်ကျင့်ခြင်းကို အမြဲခံခဲ့ရတာပါ။ ဒါပေမဲ့ သူသည် လက်မလျော့ခဲ့ဘဲ ကိုယ်ရည်စစ်အောင် ကြိုးစားခဲ့ပြီး စကားထစ်တာကိုလည်း ပျောက်အောင် ကုသခဲ့ပါတယ်။ ထို့နောက် ကျောင်းဘောလုံးအသင်းမှာ ဘောလုံးဝင်ကစားခဲ့ပြီး တဖြည်းဖြည်းနဲ့ ဘောလုံးကန်ရတာကို ခုံမင်လာကာ သူ့အိပ်မက်ကို ကြိုးစားဖြည့်ဆည်းခဲ့ပါတယ်။

Source: Mcdavidusa.com

Featured Image Source: Penaltyfile