ခေါင်းစဉ် ဖတ်ပြီး ဇဝေဇဝါ ဖြစ်သွားပြီလား။ ဘောလုံးသမားတိုင်းက ပွဲ (၁၀၀၀) မရှုံးခဲ့ကြဘူးလေဆိုပြီး မေးခွန်းထုတ်လာကြမှာကို သိပါတယ်။ ဒါပေမယ့် ဘောလုံးသမားတိုင်းက ပွဲ (၁၀၀၀)ကျော်အထိ ကစားဖို့ဆိုတာလည်း မလွယ်လှပါဘူး။ ဒီထဲကမှ ခရစ္စတီယာနို ရော်နယ်လ်ဒိုက ကလပ်အသင်းတွေနဲ့ လက်ရွေးစင်အသင်းအတွက် ကစားခဲ့သမျှ ပွဲတွေအားလုံး (၁၀၀၀) ကျော်အတွင်း နိုင်ပွဲ နဲ့ သရေပွဲပေါင်း (၁၀၀၀)အတိ ပြည့်သွားခဲ့တာမို့ သူ မရှုံးခဲ့တဲ့ ပွဲပေါင်းဟာလည်း (၁၀၀၀)အထိ ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Marca

ကျွန်တော်က စံချိန်တွေနောက်ကို လိုက်နေတဲ့သူ မဟုတ်ဘူး စံချိန်တွေကသာ ကျွန်တော့်နောက်ကို လိုက်နေတာလို့ ပျော်ခဲ့ဖူးတဲ့ ရော်နယ်လ်ဒိုက အခု သူရဲ့ ကစားသမားဘဝအတွင်း ပထမဆုံးအကြိမ်အဖြစ် AFC ချန်ပီယံလိဂ်ပြိုင်ပွဲကို စတင် ဆင်နွဲခဲ့ရင်း အဲ့ဒီပွဲစဉ်ထဲ ဂိုးတစ်လုံးမှ မသွင်းယူခဲ့တာတောင်မှ ဘောလုံးလောကရဲ့ အထင်ကရ စံချိန် မှတ်တမ်းကြီးတစ်ခုကို ပိုင်ဆိုင်လိုက်ရပါတယ်။

Photo Credit : Sporting News

ရော်နယ်လ်ဒိုရဲ့ အယ်လ် နာဆာအသင်းက အီရန်ကလပ် ပါဆီပိုလစ်အသင်းနဲ့ AFC ချန်ပီယံလိဂ် အုပ်စုအဆင့် အဖွင့်ပွဲစဉ်ကို ဆင်နွဲရင်း ဧည့်သည် အယ်လ် နာဆာက နိုင်ပွဲရရှိသွားခဲ့တာကြောင့် ရော်နယ်လ်ဒိုရဲ့ နိုင်ပွဲပေါင်း (၇၇၆)ပွဲ သရေပွဲပေါင်း (၂၂၄)ပွဲနဲ့ စုစုပေါင်းဆိုရင် နိုင်ပွဲ နဲ့ သရေပွဲပေါင်းဟာ (၁၀၀၀)ပြည့်သွားခဲ့ပါတယ်။ ဒီလို နိုင်ပွဲ နဲ့ သရေပွဲ စုစုပေါင်း (၁၀၀၀)ပြည့်သွားတာက မရှုံးခဲ့တဲ့ ပွဲအနေနဲ့လည်း (၁၀၀၀)ပြည့်သွားတာဖြစ်ပြီး ဘောလုံးလောကမှာ ဒီလို မရှုံးခဲ့တဲ့ ပွဲပေါင်း (၁၀၀၀)ပြည့်တာဆိုလို့ ရော်နယ်လ်ဒို တစ်ဦးတည်းသာ ရှိနေပါတယ်။

Photo Credit : Goal

၂၀၂၃ ဘာလွန်းဒေါဆုရဲ့ ဆန်ခါတင် အယောက် (၃၀)စာရင်းမှာတောင် ပါဝင်ခြင်း မရှိတော့တဲ့ ရော်နယ်လ်ဒိုဟာ လက်ရှိမှာတော့ သူလက်လှမ်းမှီနိုင်သမျှ အောင်မြင်မှုတွေ စံချိန်မှတ်တမ်းကောင်းတွေကို ဆက်တိုက် ရယူလျက် ရှိနေပြီး သူရဲ့ အယ်လ် နာဆာအသင်းကိုလည်း ဆော်ဒီလိဂ်ပြိုင်ပွဲ နဲ့ AFC ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာပါ အောင်မြင်မှု ရယူပေးနိုင်ဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။

Featured Photo : Arabian Business