မယ်ဒလင်ဟာ အမေရိကန်ကျေးလက်ဂီတနဲ့ ၁၉၄၀ ပြည့်လွန်နှစ်တွေက ပေါ်ပေါက်ခဲ့တဲ့ Bluegrass ဂီတတွေမှာ ကျော်ကြားထင်ရှားတဲ့ တူရိယာပစ္စည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာလည်း မယ်ဒလင်ကို မွေ့မွေ့လျော်လျော် ပျော်ပျော်ပိုက်ပိုက် တီးခတ်ကြတဲ့ တူရိယာသမားတွေ ဒုနဲ့ဒေးရှိကြပါတယ်။ ဒီတစ်ခေါက်မှာ အမေရိကန်ကျေးလက်တေးသီချင်းတွေ တီးခတ်ခဲ့တဲ့ အကျော်ကြားဆုံး မယ်ဒလင်ပညာရှင်ကြီးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

(၁) အဒမ် စတက်ဖီ

Photo: northfield instruments

စတက်ဖီဟာ ၂၀၀၂ ကနေ ၂၀၀၈ ခုနှစ်အထိ ၇ နှစ်ကြာ IBMA ရဲ့ တစ်နှစ်တာအတော်ဆုံး မယ်ဒလင်ပညာရှင်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ အမေရိကန် Bluegrass ကန်းထရီးအဆိုတော် အယ်လ်လီဆန် ကရော့စ် နဲ့ Union Station တီးဝိုင်း ၊ Mountain Heart ၊ Dan Tyminski Band နဲ့ Isaacs စတဲ့ တီးဝိုင်းတွေမှာ တီးခတ်ခဲ့ပြီး ခေတ်သစ် Bluegrass မြင်ကွင်းမှာ အတော်ဆုံး မယ်ဒလင်ပလေယာတစ်ဦးအဖြစ် ဖော်ပြခံခဲ့ရပါတယ်။

(၂) ဘီလ်မွန်ရိုး

Photo: NPR

ဘီလ်မွန်ရိုးကို Bluegrass ရဲ့ ဂေါ့ဒ်ဖားသားကြီးအဖြစ် ပြောကြပါတယ်။ မွန်ရိုးရဲ့မယ်ဒလင် Picking စတိုင်ဟာ မယ်ဒလင်တီးသူတိုင်းအတွက် မှီးစရာ အတုယူစရာဖြစ်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ ကွယ်လွန်ခဲ့ရှာပြီဖြစ်တဲ့ သူ့ရဲ့လုံ့လနဲ့ ဂီတပါရမီကြောင့် Bluegrass ဂီတအမျိုးအစား ပေါ်ထွန်းလာခဲ့တယ်လို့ ဆိုစမှတ်ပြုကြပါတယ်။

(၃) ခရစ္စ တိုင်းလ်

Photo: The Town Hall

ခရစ္စတိုင်းလ်ဟာ မယ်ဒလင်ပညာရှင်လောကထဲကို ကလေးအရွယ်ကတည်းက ခေတ်ပြိုင် Bluegrass အဖွဲ့ တစ်ခုဖြစ်တဲ့ Nikel Creek မှာ ဝင်ရောက်တီးခတ်ခြင်းနဲ့ စတင်ခဲ့သူ ဖြစ်ပါတယ်။ အသက် ၄၀ အရွယ် ခရစ္စတိုင်းလ်ဟာ Punch Brothers နဲ့လည်း တွဲဖက် တီးခတ်ခဲ့ပါတယ်။ ဂီတဝေဖန်သူတို့ရဲ့ ချီးကျူးမှုနဲ့ ပရိသတ်အားပေးမှု ရရှထားသူလည်း ဖြစ်ပါတယ်။

(၄) ဒေးဗစ် ဂရစ်ဇ်မန်း

Photo: gatheringofthevibes

မယ်ဒလင်ပညာရှင်တွေထဲမှာ ဖန်တီးမှုအရှိဆုံး Bluegrass မယ်ဒလင်သမားတစ်ဦးကတော့ ဒေးဗစ်ဂရစ်ဇ်မန်းပါ။ ဂျက်ဇ်မယ်ဒလင်ပိုင်းမှာလည်း နှစ်ခြိုက်တဲ့သူဟာ The Greatful Dead ၊ Peter Rowan ၊ Tony Rice ၊ Mike Marshall စတဲ့ လေးစားထိုက်တဲ့ ဂီတသမားတွေနဲ့လည်း တွဲဖက်ဖျော်ဖြေခဲ့သူ ဖြစ်ပါတယ်။

(၅) ဒွိုင်းလ် လော်ဆန်

Photo: The Boot

၇၀ ပြည့်လွန်နှစ်တွေမှာ Country Gentlemen အဖွဲ့နဲ့ စပြီး တီးခတ်ရင်းနဲ့ ဒွိုင်းလ် လော်ဆန်ဟာ ဂီတလောကထဲ ဝင်ရောက်လာခဲ့တာပါ။ နောက်တော့ Quicksilver အဖွဲ့ကို ဖွဲ့စည်းဖြစ်ခဲ့ပါတယ်။ Doyle Lawson & Quicksilver အဖွဲ့ဟာ ခေတ်သစ် Bluegrass နဲ့ Gospel Music မှာ ဩဇာအကြီးဆုံးတီးဝိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ လော်ဆန်ဟာ ၂၀၁၂ ခုနှစ်မှာ နိုင်ငံတကာ Bluegrass Music Hall of Fame မှာ ဝင်ရောက်ဖျော်ဖြေခဲ့ပါတယ်။

Featured Photo: The Town Hall