မကြာခင်မှာ အသက် ၃၀ ပြည့်တော့မယ်ယောကျာ်းများသည် “ငါ အသက် ၃၀ ပြည့်တော့မှာပါလား” ဆိုတဲ့ စိတ်ခံစားချက်မျိုးကို ခံစားရပါလိမ့်မယ်။ အချို့ကလည်း အသက် ၃၀ ပြည့်ရင်တော့ ဘာလုပ်မယ်၊ ဘာမလုပ်တော့ဘူးဆိုတဲ့ Plan များ၊ စိတ်ဆုံးဖြတ်ချက်များ ရှိကြပါလိမ့်မယ်။

အရေးကြီးတဲ့လုပ်စရာအများအပြားရှိတဲ့အနက် အသက် ၃၀ ပြည့်ပြီ ကျော်လာပြီဆိုတာနဲ့ မဖြစ်မနေ ပြုလုပ်သင့်တဲ့ အရာများရှိပါတယ်။ ထိုအရာများကတော့ …

သင့်ဗိုက်ကို သေချာစောင့်ကြည့်ပါ

အသက် ၃၀ ပြည့်ပြီဆိုတာနဲ့ ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်သည် နှေးကွေးသွားပါတယ်။ ဒါ့ကြောင့်လည်း သက်လတ်ပိုင်းရောက်သွားတဲ့လူကြီးတော်တော်များများသည် ဗိုက်ရွှဲရွဲကြီးဖြစ်လာပြီး သွေးတိုး၊ ဆီးချို အစရှိတဲ့ ရောဂါတွေကို ခံစားလာကြရပါတယ်။ သင့်အနေနဲ့ ဗိုက်ရွှဲရွှဲကြီးမဖြစ်ချင်ဘူး၊ သွေးတိုး၊ ဆီးချိုရောဂါများကိုလည်း မခံစားချင်ဘူးဆိုရင် သေချာဂရုစိုက်ရမှာဖြစ်ပါတယ်။

နှလုံးကျန်းမာရေးကို ဂရုစိုက်ပါ

အသက်ကြီးလာလေ ကိုလက်စထရောပမာဏက တက်လာလေပါပဲ။ သွေးပေါင်ချိန်လည်း ထိုနည်းအတိုင်းပါပဲ။ ဒါ့ကြောင့် နှလုံးရောဂါ မဖြစ်အောင်ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အိုမီဂါသရီး ကြွယ်ဝတဲ့ အစားအစာများ များများစားပါ။ စိတ်ဖိစီးမှုများကို ရှောင်ရှားပါ။ ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်ပါ။

မျက်စိရှင်ရှင်ထားပြီး စောင့်ကြည့်ပါ

အသက် ၃၀ ပြည့်ပြီဆိုတာနဲ့ ဆီးကျိတ်ကင်ဆာကို စတင်ခံစားရနိုင်ခြေများလာပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ဆီးသွားတဲ့စနစ်ကိုလည်း သေချာစောင့်ကြည့်ဖို့လိုအပ်ပါတယ်။ ဆီးပုံမှန်သွားရဲ့လား၊ ဆီးအောင့်နေသလားစသည်တို့အပြင် မကြာခဏ မောပန်းနွမ်းနယ်နေပြီလားဆိုတာကိုလည်း မျက်စိရှင်ရှင်ထားရမှာဖြစ်ပါတယ်။

ကြွက်သားများ မဆုံးရှုံးအောင် နေထိုင်ပါ

အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ ကြွက်သားရဲ့ ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ တစ်စ တစ်စစီ ဆုံးရှုံးလာမှာဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်မယ်။ ပရိုတင်းပါဝင်တဲ့ အစားအစာများ၊ ပဲအမျိုးမျိုး၊ ပရိုတင်းပေါင်ဒါ၊ ကြက်သားနှင့် ငါး အစရှိသည်တို့ကို များများ စားသုံးမယ်ဆိုရင်တော့ ကြွက်သားများ တောင့်တင်းနိုင်ပါသေးတယ်။

ဒါ့အပြင် အိပ်ရေးဝဝ အိပ်စက်အနားယူဖို့လည်း လိုအပ်ပါသေးတယ်။ ဘယ်အချိန်အထိ ကျန်းကျန်းမာမာနေရမလဲဆိုတာ မသိနိုင်တဲ့အတွက်ကြောင့် ဘဝကြီးကို ပျော်ပျော်ရွှင်ရွှင်နဲ့ အားရပါးရသာ ဖြတ်သန်းလိုက်ပါ။

Source: Selecthealth.org

Featured Image: Shutterstock