ကမ္ဘာပေါ်မှာ ထူးခြားဆန်းကြယ်တဲ့ နေရာတွေ များစွာရှိပါတယ်။ တချို့နေရာဆိုရင် သိပ်ကို လှလွန်းတဲ့အတွက် ဘုံဗိမာန်တစ်ခုအလား ထင်ယောင်မှားမိနိုင်ပါတယ်။ ဒီလိုထူးခြားတဲ့ နေရာတွေများစွာရှိတဲ့အထဲကမှ အားလပ်ရက်ကို အကောင်းဆုံးဖြတ်သန်းချင်တဲ့ ခရီးသွားချစ်သူတွေအတွက် ကမ္ဘာတဝှမ်းက အမိုက်စား ဇိမ်ခံဟိုတယ်ကြီးတွေကို ပြောပြပေးလိုက်ပါတယ်။ တစ်သက်မှာ တစ်ခါလောက် အပန်းဖြေခရီးသွားသင့်တဲ့ အလှပဆုံးနဲ့ အထူးခြားဆုံး ဟိုတယ်တွေအကြောင်း လေ့လာကြည့်ရလိုက်ပါအုန်း။

Icehotel (Sweden)

Photo : Ice Hotel

Icehotel ကတော့ Sweden နိုင်ငံမှာရှိတဲ့ ရေခဲနန်းတော်ကြီးအလား ခမ်းနားလှတဲ့ ဟိုတယ်တစ်ခုပဲ ဖြစ်ပါတယ်။ သင်ဟာ အေးချမ်းတဲ့ ရာသီဥတု ၊ နှင်းတွေ ၊ ရေခဲတွေကို နှစ်သက်သူတစ်ယောက်ဆိုရင် ဒီဟိုတယ်က သင့်ကို တကယ်ပဲ ထူးခြားတဲ့ အတွေ့အကြုံအသစ်တွေပေးစွမ်းနိုင်မှာပါ။ ရေခဲကုလားထိုင်ပေါ်မှာ ထိုင်ပြီး ရေခဲနဲ့လုပ်ထားတဲ့ ဖန်ခွက်နဲ့ အဖျော်ယမကာတစ်မျိုးမျိုး သုံးဆောင်နိုင်သလို ထူးထူးခြားခြား လက်ထပ်ချင်တဲ့ စုံတွဲတွေအတွက်လည်း ရေခဲနဲ့ ဆောက်လုပ်ထားတဲ့ ဘုရားကျောင်းတစ်ခုရှိပါသေးတယ်။

Skylodge Adventure Suites (Peru)

Photo : Euronews

စွန့်စားခန်းဖွင့်ချင်တဲ့ ခရီးသွားချစ်သူတွေ တကယ်ကိုသွားသင့်တဲ့ နေရာဖြစ်ပါတယ်။ Skylodge Adventure Suites ဟာ Peru နိုင်ငံက တောင်ကြားတွေမှာ တည်ဆောက်ထားတဲ့ သည်းထိတ်ရင်ဖို လျို့ဝှက်နေရာ လေးတစ်ခု ဖြစ်ပါတယ်။ မြေပြင်ကနေ အမြင့်ပေ ၄၄၀ မီတာအကွာမှာ ချိတ်ဆွဲထားတဲ့ အမိုက်စား ဟိုတယ်ခန်းတွေနဲ့ တကယ်ကို ရင်သတ်ရှုမောဖွယ် ရှုခင်းတွေကို မြင်တွေ့ခံစားနိုင်မှာ ဖြစ်ပါတယ်။

Conrad Maldives Rangali Island (Maldives)

Photo : Hospitality Net

Conrad Maldives Rangali Island ကတော့ ပင်လယ်ကြီးရဲ့ သဘာဝအလှတရားတွေကို အနီးကပ်ခံစားချင်သူတွေအတွက်တော့ ကွက်တိပါပဲ။ ဟိုတယ်ရဲ့ အဓိက ဆွဲဆောင်မှုအဖြစ်ဆုံးက မှန်ချပ်တွေနဲ့ ဆောက်လုပ်ထားတဲ့ ပင်လယ်ရေအောက်က ဟိုတယ်အခန်းတွေပဲ ဖြစ်ပါတယ်။ အိပ်ရာပေါ်လှဲလျောင်းရင်း ပင်လယ်ရေအောက်က အလှတရားတွေကို တဝကြီး ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Hanging Gardens Of Bali (Indonesia)

Photo : TravelPlusStyle

အရှေ့တောင်အာရှမှာ ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံး နိုင်ငံကိုပြောပါဆိုရင် Indonesia နိုင်ငံက ချန်ထားလို့ရမှာ မဟုတ်ပါဘူး။ Hanging Gardens Of Bali ဆိုတာ Indonesia နိုင်ငံမှာရှိတဲ့ အလှဆုံး အပန်းဖြေစခန်းတစ်ခုဖြစ်ပါတယ်။ စိမ်းစိုလှပတဲ့ သဘာဝတောတောင်အလှတရားတွေကို ရင်သပ်ရှုမောဖွယ်ကြည့်ရှုခံစားရင်း အပန်းဖြေနိုင်မှာဖြစ်ပါတယ်။

Kakslauttanen Arctic Resort (Finland)

Photo : Agoda

Kakslauttanen Arctic Resort ကတော့ Finland နိုင်ငံမှာရှိတဲ့ အထူးခြားဆုံး အပန်းဖြေစခန်းတစ်ခု ဖြစ်ပါတယ်။ မြို့ပြရဲ့မွန်းကြပ်မှုတွေကို ဖြေဖျောက်နိုင်မယ့် အကောင်းဆုံး မှော်ဆန်တဲ့ ဘုံဗိမာန်တစ်ခု လို့လည်းပြောလို့ရပါတယ်။ ဆောင်းတွင်းဘက်ဆို နှင်းလျောစီးခြင်း၊ စွတ်ဖားစီးခြင်းနဲ့ ရေခဲငါးဖမ်းခြင်းစတဲ့ အရာတွေလည်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Inhabitat