အနုပညာအလုပ်တွေထဲမှာ ရုပ်ရှင်လောကဟာ ငွေအများဆုံးရတဲ့ လောကအဖြစ် လူတွေ သိကြပါတယ်။ ဒီထဲမှာ ကမ္ဘာ့အကြီးမားဆုံးရုပ်ရှင်ဈေးကွက်ကြီး ဖြစ်တဲ့ ဟောလီးဝုဒ်ကတော့ ပြောစရာမလိုအောင် ရုပ်ရှင်သရုပ်ဆောင်ကြေးအများဆုံးပေးတဲ့ ရုပ်ရှင်လောကကြီးပါပဲ။ ဒီတစ်ခေါက်မှာတော့ရုပ်ရှင်လောကသားတွေအကြားမှာ သရုပ်ဆောင်ကြေးအများဆုံး ရခဲ့တဲ့ ဟောလီးဝုဒ်မင်းသား ၅ ဦးအကြောင်း ပြောပြပေးချင်ပါတယ်။

(၅) တွမ်ဟန့်ခ်

Photo: Allocine

ကမ္ဘာကျော် Forrest Gump ရုပ်ရှင်မှာ မင်းသားကြီး တွမ်ဟန့်ခ်ဟာ သရုပ်ဆောင်ကြေး ဒေါ်လာသန်း ၇၀ ရခဲ့ပါတယ်။ တကယ်တော့ Forrest Gump ရုပ်ရှင်ဟာ ဒေါ်လာ သန်း ၅၀ ပဲ ကုန်ကျခဲ့တာပါ။ ဒီရုပ်ရှင် ရိုက်ကူးချိန်မှာ ရိုက်ကူးရေးထဲမှာ ကိုယ့်စရိတ်နဲ့ကိုယ် စိုက်ထုတ်ရိုက်ခဲ့ပြီး ရုပ်ရှင်အောင်မြင်မှုပေါ်မှာ ရာနှုန်းနဲ့ ပြန်ယူဖို့ သဘောတူချက်ထားပြီး သရုပ်ဆောင်ခဲ့တာ ဖြစ်လို့ ရုပ်ရှင်ရိုက်ကူးရေးစရိတ်ထက် အများကြီး ပိုရခဲ့တာ ဖြစ်ပါတယ်။

(၄) ရောဘတ်ဒေါင်းနင်း ဂျူနီယာ

Photo: Fortune

ရောဘတ်ဒေါင်းနင်း ဂျူနီယာဟာ Iron Man 3 မှာ ဒေါ်လာ ၇၅ သန်း ရခဲ့ပါတယ်။ Avengers: Infinity War မှာလည်း သူဟာ သရုပ်ဆောင်ကြေး ‌ဒေါ်လာ ၇၅ သန်း ရခဲ့တာ ဖြစ်ပါတယ်။ ဟောလီးဝုဒ်ရုပ်ရှင်လောကမှာ သရုပ်ဆောင်ကြေးအများဆုံး ရခဲ့တဲ့ မင်းသားတစ်လက်ဖြစ်တဲ့ ရောဘတ်ဒေါင်းနင်း ဂျူနီယာဟာ Iron Man ဇာတ်ကောင် တိုနီစတာ့ခ်စရိုက်နဲ့ အလိုက်ဖက်ဆုံး မင်းသားအဖြစ်လည်း အသိအမှတ်ပြုခံခဲ့ရပါတယ်။

(၃) တွမ်ခရုဇ်

Photo: parismatch

Mission Impossible ရုပ်ရှင်တွေနဲ့ နာမည်ကျော်တဲ့ မင်းသားကြီး တွမ်ခရုဇ်ဟာ Mission Impossible 2 ကားအတွက် သရုပ်ဆောင်ကြေး ဒေါ်လာသန်း ၁၀၀ အထိ ရခဲ့တယ်လို့ ဆိုပါတယ်။ ပထမကားမှာ ဒေါ်လာ သန်း ၈၀ အကုန်အကျခံရရိုက်ခဲ့ချိန်ကလည်း သူဟာ ‌ဒေါ်လာသန်း ၇၀ ရခဲ့တာပါ။ သူ့ဘဝမှာ Mission: Impossible စီးရီးကနေ ရခဲ့တဲ့ ဝင်ငွေဟာ ဒေါ်လာ ၃၈၉သန်းကျော် ရှိခဲ့ပါတယ်။ တွမ်ခရုဇ်ဟာ War of The Worlds ရုပ်ရှင်အတွက်လည်း ဒေါ်လာသန်း ၁၀၀ ရခဲ့ဖူးပါတယ်။ ဒီကားအတွက် တွမ်ခရုဇ်ဟာ ၁၀ ပတ်ကြာပဲ သရုပ်ဆောင်ခဲ့ရတာ ဖြစ်လို့ တစ်ပတ်ကို ဒေါ်လာ ၁၀သန်းကျော် ၊ တစ်ရက်ကို ဒေါ်လာ ၁.၄ သန်း နီးပါး ရခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။

(၂) ဝီလ်စမစ်

Photo: silverscreening

မင်းသားကြီး ဝီလ်စမစ်သရုပ်ဆောင်ခဲ့တဲ့ Man In Black III ဇာတ်ကားအတွက် ဒေါ်လာ သန်း ၁၀၀ ရရှိခဲ့ပါတယ်။ ကနဦးက ဒေါ်လာ သန်း ၉၀ လောက်သုံးပြီး ရိုက်ဖို့ စိတ်ကူးခဲ့ပေမယ့် နောက်တော့ ဒေါ်လာ ၂၁၅ သန်းအထိ ကုန်ကျသွားခဲ့ပါတယ်။ စရိတ်စကအများဆုံး ရုပ်ရှင်တွေထဲက တစ်ခု ဖြစ်ခဲ့ပေမယ့် ပြန်ရလိုက်တဲ့ ဝင်ငွေကလည်း အမေရိကန်နဲ့ ကနေဒါမှာ ၁၇၉ သန်း ၊ တခြားနိုင်ငံတွေမှာ ၄၄၅ သန်း စုစုပေါင်း ၆၂၄ သန်း ပြန်ရခဲ့တာကြောင့် ၂၀၁၂ ရဲ့ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

(၁) ဘရုစ်ဝီလီစ်

Photo: comicbook

အက်ရှင်မင်းသားကြီး ဘရုစ်ဝီလီစ်ဟာ The Sixth Sense ရိုက်စဉ်က ဒေါ်လာ ၁၄ သန်းပဲ ရခဲ့ပေမယ့် ရုပ်ရှင်ကားအမြတ်ပေါ်လိုက်ပြီး အမြတ်ရဲ့ ၁၅% ကို စားရတာကြောင့် ဒေါ်လာသန်း ၁၂၀ အထိ ရခဲ့ပါတယ်။ The Sixth Sense ဟာ ဒေါ်လာသန်း ၄၀ ပဲ သုံးပြီး ရိုက်ကူးခဲ့တဲ့ရုပ်ရှင် ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ကမ္ဘာတစ်လွှားမှာ ဒေါ်လာ ၆၇၂ သန်းဖိုး ရှာပေးခဲ့ပါတယ်။ ဒီတော့ ဘရုစ်ဝီလီစ်လည်း ဒီရုပ်ရှင်ကနေ ဒေါ်လာသန်း ၁၂၀ ကျော် ရတယ်ဆိုတာ အဆန်းတော့ မဟုတ်ပါဘူး။