ကမ္ဘာပေါ်က လစာအမြင့်ဆုံး အားကစားတွေထဲမှာ NBA ဘက်စကတ်ဘောသမားတွေလည်း ပါပါတယ်။ NBA ဟာ ကျွန်တော်တို့နိုင်ငံမှာ ရေပန်းစားတဲ့ အားကစားမျိုး မဟုတ်ပေမယ့် ဝင်ငွေအရရော နာမည်အရပါ ထိပ်တန်းစာရင်းဝင် အားကစားတစ်မျိုး ဖြစ်တာကိုတော့ ငြင်းမရပါဘူး။ ဝင်ငွေအရ ကြည့်မယ်ဆိုရင်လည်း ကြယ်ပွင့်တွေရဲ့ ဝင်ငွေ ၊ လစာ ၊ ဆုကြေးနဲ့ ခံစားခွင့်တွေကလည်း မက်လောက်စရာဖြစ်အောင် မြင့်မားပါတယ်။ ဒီတစ်ခေါက်မှာ ၂၀၂၁-၂၀၂၂ ရာသီအတွက် ဝင်ငွေအမြင့်ဆုံး NBA ကစားသမားတွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) လီဘရွန် ဂျိမ်းစ်

Photo: Los Angeles Times

ဝင်ငွေအမြင့်ဆုံး NBA ကစားသမားစာရင်းမှာ ဂန္ဓဝင်အကျော်အမော် လီဘရွန်ဂျိမ်းစ် ကို ထိပ်ဆုံးက တွေ့ရတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ Los Angeles Lakers အသင်းမှာ ကစားနေတဲ့ ဒီကစားသမားဟာ လစာ ဒေါ်လာ ၄၁.၂ သန်းအပြင် ကွင်းပြင်ပ ဝင်ကြေး ဒေါ်လာသန်း ၇၀ ရှိပြီး ဒီထဲမှာ နှစ်စဉ် Nike နဲ့စာချုပ်ကနေ ရတာက ဒေါ်လာ ၃၂ သန်းအထိ ရတာ ဖြစ်လို့ စုစုပေါင်း ဒေါ်လာ ၁၁၁.၂ သန်းရတာကြောင့် Forbes ရဲ့ ၂၀၂၁-၂၀၂၂ အတွက် လစာအမြင့်ဆုံး NBA Player စာရင်းမှာ ထိပ်ဆုံးက ဖော်ပြခြင်းခံ ထားရပါတယ်။

(၂) စတက်ဖ် ကာရီ

Photo: CBS Sports

ဒီနှစ် NBA ရာသီအတွက် ဒုတိယဝင်ငွေအများဆုံးရတဲ့ ကစားသမားက Shooting God တစ်ဦးအဖြစ် တင်စားခံရတဲ့ စတက်ဖ်ကာရီပါပဲ။ စတက်ဖ်ကာရီဟာ Golden State Warriors အသင်းနဲ့ ကစားနေပြီး တစ်နှစ်လစာမှာ လီဘရွန် ဂျိမ်းစ်ထက်တောင် များပါတယ်။ လုပ်ခလစာ ဒေါ်လာ ၄၅.၈ သန်း ရထားပြီး ကွင်းပြင်ပဝင်ငွေ ဒေါ်လာ ၄၇ သန်း ဝင်တာကြောင့် စုစုပေါင်း ဒေါ်လာ ၉၂.၈ သန်း အထိ ဝင်ငွေရခဲ့တာလို့ ဆိုရမှာပါ။ ကာရီဟာ သူ့ရဲ့ Under Armour အောက်က ထွက်ထားတဲ့ Curry အမှတ်တံဆိပ်ကို ကြေညာထားပြီး ဒီလုပ်ငန်းကလည်း ဒေါ်လာသန်း ၂၀ ဝန်းကျင်တန်နေပါတယ်။

(၃) ကက်ဗင် ဒူးရန့်

Photo: The Ringer

Booklyn Nets အသင်းသား ကက်ဗင် ဒူးရန့်ဟာ တစ်နှစ်လုပ်ခလစာ ဒေါ်လာ ၄၀.၉ သန်း ရပါတယ်။ ကွင်းပြင်ပဝင်ငွေအနေနဲ့ ဒေါ်လာ ၄၇ သန်းအထိ ဝင်ငွေရခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က သူရင်းနှီးမြှပ်နှံထားတဲ့ Postmates ဆိုတဲ့ အစားအသောက်ပို့ဆောင်ရေးလုပ်ငန်းကို Uber က ဒေါ်လာ ၂.၆၅ ဘီလျံနဲ့ ဝယ်သွားခဲ့ပါတယ်။ Forbes မဂ္ဂဇင်းရဲ့ အဆိုအရ ဒူးရန့်ဟာ ဒေါ်လာ ၁ သန်း ရင်းနှီးမြှပ်နှံမှုကနေ ဒေါ်လာ ၁၅ သန်းကျော် ပြန်ရသွားတယ်လို့ ဆိုပါတယ်။သူ့ရဲ့ Thirty-Five Ventures ကနေ ကုမ္ပဏီပေါင်း ၈၀ ကျော်မှာ ရင်းနှီးမြှပ်နှံထားပါတယ်။ စုစုပေါင်း သူ့ဝင်ငွေဟာ ဒေါ်လာ ၈၇.၉ သန်း ရှိနေပါတယ်။

(၄) ဂျီယန်နစ် အန်တက်ကွန်ပို

Photo: sportingnews

Milwaukee Bucks အသင်း ကစားသမား အန်တက်ကွန်ပိုဟာ လစာအမြင့်ဆုံး NBA ကစားသမားတွေထဲမှာ နံပါတ် ၄ နေရာက ရှိပါတယ်။ ဒီဇင်ဘာလထဲမှာ သူဟာ NBA သမိုင်းတစ်လျှောက် အချမ်းသာဆုံးစာချုပ်မှာ လက်မှတ်ထိုးခဲ့ပါတယ်။အဲ့ဒါကတော့ Milwaukee Bucks နဲ့ ဒေါ်လာ ၂၂၈ သန်းတန် ၅ နှစ် စာချုပ်ပါပဲ။ အသက် ၂၆ နှစ်အရွယ် ဒီ NBA ကစားသမားဟာ လစာ ဒေါ်လာ ၃၉.၃ သန်း နဲ့ ကွင်းပြင်ပဝင်ငွေ ဒေါ်လာ ၄၁ သန်း ရထားပြီး ဒီနှစ်ရာသီအတွက် သူ့ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၈၀.၃ သန်းအထိ ရှိနေပါတယ်။

(၅) ရက်ဆဲလ် ဝက်စ်ဘရွတ်ခ်

Photo: NBA

ရက်ဆဲလ်ဝက်စ်ဘရွတ်ခ် ကို Los Angeles Lakers အသင်းက လစာ ဒေါ်လာ ၄၄.၂ သန်းအထိ ပေးထားပါတယ်။ ကွင်းပြင်ပ ဝင်ငွေ ဒေါ်လာသန်း ၃၀ နဲ့ဆို ဒီနှစ်ရာသီမှာ ဒေါ်လာ ၇၄.၂ သန်းအထိ ဝင်တယ်လို့ ပြောနိုင်ပါတယ်။ ဝက်စ်ဘရွတ်ခ်ဟာ Nike နဲ့အပြင် တောင်ပိုင်း ကယ်လီဖိုးနီးယား မှ ကားအရောင်းအဝယ်လုပ်ငန်း ၁၀ ခုနဲ့လည်း စာချုပ်တွေ ချုပ်ထားပါတယ်။

Featured Photo: The Ringer