နှစ်ပေါင်းများစွာ လက်တွဲလာတဲ့ စုံတွဲတွေရဲ့ ပြဿနာက ရိုးအီသွားတာပါပဲ။ ဒီလိုပြောလိုက်လို့ တစ်ယောက်ကို တစ်ယောက် မချစ်ကြတော့တာ မဟုတ်ပါဘူး။ သူတို့ရဲ့ Relationship ကို ရွှင်မြူးထက်သန်စေတဲ့ နည်းလမ်းတွေ မရှာတော့လို့ ဖြစ်ပါတယ်။ ချစ်သူရည်းစားဆိုတာ ဝါသနာတူ ၊ စရိုက်တူ ၊ အကျင့်တူနေရပါမယ်။ ဒါမှသာ ရေရှည်အချစ်ရေးမှာ ခိုင်မြဲပျော်ရွှင်ကြမှာ ဖြစ်ပါတယ်။ ချစ်သူစုံတွဲတွေ ရွှေလက်တွဲမြဲဖို့အတွက်ဆို အခုပြောမယ့် ဝါသနာတွေက အထောက်အကူ ဖြစ်စေမှာပါ။
(၁) အချက်အပြုတ်

Photo: Unsplash
ဟင်းချက်နည်းအသစ်အဆန်းကို အတူလေ့လာတာက စုံတွဲတွေကို အတူပိုပြီး နီးစပ်မှု ရှိစေသလို ပျော်စရာလည်း ကောင်းပါတယ်။ တစ်ချို့စုံတွဲတွေကတော့ ဟင်းချက်သင်တန်းကို အတူတက်ကြပါတယ်။ တကယ်လို့ အိမ်ထဲကနေ အိမ်အပြင်မထွက်ချင်ဘူးဆိုရင် YouTube ကနေ ဗွီဒီယိုသင်ခန်းစာတွေနဲ့ Online Class တွေ တက်ပြီး ဟင်းချက်နည်းသင်နိုင်ပါတယ်။ ဟင်းအတူချက်ပြုတ်ခြင်းဟာ ကျန်းမာရေးအတွက်လည်း ကောင်းသလို တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလည်း ပိုတိုးစေပါတယ်။ နောက်ပြီး အိမ်မှုကိစ္စတွေ ကူလုပ်ပေးတဲ့ အမျိုးသားကို သူတို့ရဲ့ ချစ်သူမိန်းကလေးတွေက သဘောကျကြတယ်လို့လည်း လေ့လာမှုတွေက ဖော်ပြထားပါတယ်။
(၂) အားကစားအတူလုပ်ခြင်း

Photo: sentinelassam
ကိုယ့်ကောင်မလေးနဲ့ Gym အတူသွားတာ ၊ စက်ဘီးစီး/အပြေး/ယောဂ စတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာဟာ တစ်ယောက်ကို တစ်ယောက် ပိုပြီး ဂရုစိုက်ဖြစ်စေသလို စိတ်ဝင်စားမှုခြင်းလည်း တူညီစေပါတယ်။ ပျော်ရွှင်စရာကောင်းပြီး စိန်ခေါ်မှုရှိတဲ့ အလုပ်တစ်ခုကို နှစ်ယောက်အတူ လုပ်ဆောင်ကြခြင်းဟာ တစ်ယောက်နဲ့တစ်ယောက်ပိုပြီး Support ပေးဖို့ အခွင့်အလမ်းလည်း များစေပါတယ်။ နောက်တစ်ခုက ကျန်းမာရေးနဲ့ ရုပ်ပိုင်းတည်ဆောက်မှုအတွက်လည်း ကောင်းလို့ ကိုယ့်ချစ်သူနဲ့ အားကစားအတူလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။
(၃) ဘာသာစကား

Photo: Freepik
Personal Development လည်း ဖြစ်စေမယ် ၊ ကိုယ့်ကောင်မလေးနဲ့လည်း ပိုပြီး နီးနီးကပ်ကပ်နေနိုင်စေမယ့် ဝါသနာတစ်ခုက Language သစ်တစ်မျိုးမျိုး သင်တာပါပဲ။ သင်တန်းတက်ရင်းနဲ့ စာတွေ ဆွေးနွေးဖြစ်မယ် ။ ကိုယ်လည်း ပညာတိုးပါလိမ့်မယ်။ ဘာသားစကားကလည်း အပြင်သင်တန်း မတက်ဖြစ်ရင်လည်း အွန်လိုင်းပရိုဂရမ်တွေ ၊ app နဲ့ Website တွေကနေ သင်နိုင်ပါတယ်။
(၄) ဂိမ်းကစားခြင်း

Photo: Freepik
အခုခေတ်မှာ ဗွီဒီယိုဂိမ်းကို လူငယ်တိုင်းလိုလို ကစားနေကြပါတယ်။ ဒီဝါသနာကလည်း ဖျော်ဖြေရေးဆိုပေမယ့် တကယ့်ကို တွင်ကျယ်နေတဲ့အပြင် စွဲစွဲလန်းလန်းကစားသူတွေကလည်း အများကြီးပါ။ သင့်ချစ်သူနဲ့ ကစားသင့်တဲ့ ဂိမ်းတွေထဲမှာ တိုက်ခိုက်ရေးဂိမ်းတွေအပြင် ဦးနှောက်သုံးပြီး ပိုစဉ်းစားရတဲ့ strategy ဂိမ်းတွေလည်း ကစားဖို့ အကြံပေးချင်ပါတယ်။
(၅) စာဖတ်ခြင်း

Photo: Freepik
သင့်ကောင်မလေးက စာဂျပိုးလေးဆို သင်လည်း စာဖတ်သမား လုပ်ဖို့ လိုနေပါပြီ။ စာဖတ်သမားတွေဟာ အချင်းချင်း စာအကြောင်း ပေအကြောင်းများ ပြောရရင် တမေ့တမောနဲ့ မွေ့လျော်သူတွေပါ။ စာအုပ်တွေ ဖလှယ်ဖတ်ကြရင်း ဖတ်ထားတဲ့ အတွေးအမြင်တွေ ဖလှယ်ရင်းနဲ့ ပိုပြီး ရင်းနှီးလာသလို အရင်ကထက် ပိုပြီး ချစ်ခြင်းခိုင်မြဲ လက်တွဲကြည်ဖြူလာမှာ ဖြစ်ပါတယ်။

