မန်ချက်စတာစီးတီးအသင်းရဲ့ ပေါင်သန်းတစ်ရာတန် ကစားသမား ဂျက် ဂရီးလစ်ရှ် ဟာ Home Alone ရုပ်ရှင်ဇာတ်ကားရဲ့ အမာခံ ပရိသတ်တစ်ဦး ဖြစ်ပါတယ်။ Family Comedy အမျိုးအစားကိုမှ အထူးသဖြင့် ခရစ္စမတ်ကာလကို အခြေခံထားတဲ့ Home Alone ရုပ်ရှင်ကားဟာ ၁၉၉၀ခုနှစ် ကာလအတွင်းမှာ အတော်လေးကို ကျိကျိတောက် အောင်မြင်ခဲ့တဲ့ ကလေးအကြိုက် ရုပ်ရှင်ဇာတ်ကားတစ်ကားလည်း ဖြစ်ခဲ့ပါတယ်။

Photo Credit : Daily Mail

Film Series အဖြစ် ရိုက်ကူးထားခဲ့တဲ့ Home Alone ရုပ်ရှင်ကားဟာ (၆)ကားမြောက်အထိ ထွက်ရှိထားခဲ့ပြီး အဲ့ဒီထဲကမှ Home Alone2: Lost in New York ဇာတ်ကားကတော့ ဂရီးလစ်ရှ် ရဲ့ အကြိုက်ဆုံး ဇာတ်ကား ဖြစ်နေပါတယ်။ ဖလော်ရီဒါကို အပန်းဖြေ ခရီးသွားမယ့် မိသားစုနဲ့ လွဲချော်ပြီး နယူးယော့ခ်မြို့ဆီ တစ်ကိုယ်တည်း ရောက်ရှိသွားတဲ့ ကလေးတစ်ဦးရဲ့ အလွဲလွဲအချော်ချော် ဖြစ်ရပ်တွေကို ရိုက်ကူးထားတဲ့ Home Alone2 ဇာတ်ကားဟာ သရုပ်ဆောင် Macaulay Culkin ရဲ့ နောက်ထပ် အောင်မြင်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပြီး နယူးယော့ခ်မြို့မှာ ကြောင်ပျောက်နေတဲ့ ကောင်လေး Kevin McCallister နေရာကနေ ပီပီပြင်ပြင်ကို သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : talkSPORT

Home Alone ဇာတ်ကောင် Kevin လေး နယူးယော့ခ်မြို့မှာ တိုင်ပတ်နေတုန်း နယူးယော့ခ်ရဲ့ အထင်ကရ ဟိုတယ်ကြီးဖြစ်တဲ့ ပလာဇာဟိုတယ်မှာ တည်းခိုရင်း ရေခဲမုန့်တွေ ရှယ်စားခဲ့တဲ့ ဇာတ်ဝင်ခန်းအတိုင်း ဂရီးလစ်ရှ် က သူရဲ့အားလပ်ရက်မှာ လုပ်လံ ပြုလုပ်ခဲ့ပါတယ်။ ဂရီးလစ်ရှ်က အဂ်လန်အသင်းနဲ့အတူ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ဆင်နွဲလို့အပြီးမှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာက သူ့ကို တစ်ပတ်ခန့် အားလပ်ရပ် ပေးခဲ့ရာ အဲ့ဒီ အားလပ်ရက်အတွင်း အမေရိကန်နိုင်ငံ နယူးယော့ခ်ကို အလှည့်အပတ် သွားခဲ့ပြီး Kevin တည်းခိုခဲ့တဲ့ ပလာဇာဟိုတယ်မှာ တည်းခိုပြီး ရေခဲမုန့် (၁၆)ခုစာကိုလည်း စားသုံးခဲ့တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit : Daily Mail

လက်ရှိမှာ အသက်(၂၇)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဂရီးလစ်ရှ်ဟာ သူ့ကို မမွေးဖွားခင် (၅)နှစ် လောက်ကတည်းက ထွက်ရှိခဲ့တဲ့ Home Alone ရုပ်ရှင်ကားများနဲ့ သူရဲ့ကလေးဘဝကို ဖြတ်သန်းခဲ့ရင်း အခုတော့ ဂရီးလစ်ရှ်က သူ ငယ်ငယ် မက်ခဲ့တဲ့ အိမ်မက်အတိုင်း Kevin လေးလို နယူးယော့ခ်က ပလာဇာဟိုတယ်မှာ ဇိမ်ကျကျ နေထိုင်ခဲ့ပြီး ရေခဲမုန့်တွေ တမုန်းစားသောက်ခွင့်ပါ ရရှိခဲ့ပါတယ်။

Featured Photo : The Sun