ဦးထုပ်တွေဟာ ကွီးတို့ရဲ့စတိုင်လ်ကိုမြင့်တင်ပေးနိုင်တဲ့ အကောင်းဆုံးအသုံးဆောင်တစ်မျိုးဖြစ်ပြီး နွေရာသီမှာ အပူကာကွယ်ဖို့ ၊ အေးချမ်းတဲ့ရာသီမှာ နွေးထွေးမှုပေးဖို့လည်း ဦးထုပ်တွေက အသုံးဝင်စေတာအမှန်ပါပဲ။ ဒီတစ်ခေါက်တော့ ဖက်ရှင်အဆင့်မြှင့်တင်ပေးတဲ့ ဦးထုပ်တွေကို တစ်နှစ်ပတ်လုံးကောင်းစွာထိန်းသိမ်းထားနိုင်ဖို့ မတူညီတဲ့ ဦးထုပ်အမျိုးအစားအလိုက် သန့်ရှင်းရေးလုပ်နိုင်မယ့် နည်းလမ်းလေး‌တွေမျှဝေပေးပါမယ်။

(၁) Felt Hats တွေကို သန့်ရှင်းရေးလုပ်နည်း

Photo : The Manual

Felt Hats တွေကိုသန့်ရှင်းရေလုပ်မယ်ဆိုရင် နူးညံ့ပျော့ပျောင်းတဲ့ brush တွေကိုအသုံးပြုပြီး အထက်မှအောက် ဖုန်မှုန့်နှင့် အညစ်အကြေးများကို ညင်သာစွာပွတ်တိုက်ဖယ်ရှားပေးပါ။ ရေစိုထားတယ်ဆိုရင် ရေကိုခြောက်အောင်သုတ်ပြီး ခြောက်သွေ့သွားပြီးဆိုမှ သန့်ရှင်းရေးလုပ်ပေးရပါမယ်။ Felt Hats တွေဟာ အချိန်ကြာလာတဲ့အခါ ပုံစံပျက်လာတက်တဲ့အတွက် အော်ရီဂျင်နယ်ဦးထုပ်ပုံစံကို ပြန်ရစေဖို့ ရေနွေးငွေ့နဲ့အပူပေးပြီး သန့်စင်တဲ့လက်ကို အသုံးပြုပြီး ပြန်လည်ပုံသွင်းလို့ရပါတယ်။

(၂) Straw Hats တွေကို သန့်ရှင်းရေးလုပ်နည်း

Photo : The Manual

ကောက်ရိုးဦးထုပ်လို့ခေါ်တဲ့ Straw Hats တွေ များသောအားဖြင့် စွန်းထင်းလွယ်တဲ့အတွက် သန့်ရှင်းရေးလုပ်ရာမှာ သတိထားဖို့တော့လိုပါတယ်။ ခပ်ပါးပါး အစွန်းအထင်းလေးတွေကို ရေစွတ်အဝတ်နဲ့ ညင်ညင်သာသာ ပွတ်တိုက်သန့်စင်နိုင်ပြီး အစွန်းနည်းနည်းများပါက windex လို့မျိုး သန့်စင်ဆေးတွေကို အသုံးပြုနိုင်ပါတယ်။ သတိထားရမှာတစ်ခုကတော့ ရေစိမ်ခြင်း လျော်ခြင်းတွေကို မလုပ်မိစေဖို့ပါပဲ။

(၂) Suede Hats တွေကို သန့်ရှင်းရေးလုပ်နည်း

Photo : The Manual

Suede Hats တွေဟာလည်း တခြားဦးထုပ်တွေနဲ့နည်းတူ ဖုန်မှုန့်များနှင့် အညစ်အကြေးတွေကို နူးညံ့တဲ့အဝတ်စ သို့ brush နဲ့ ညင်သာစွာပွတ်တိုက် သန့်စင်ပေးလို့ရပါတယ်။ အရောင်မှိန်ခြင်းအတွက်ကိုတော့ စက္ကူကြမ်း သို့ အဝတ်စတွေနဲ့ ပွတ်တိုက်ပြီး အရောင်တင်လို့ရပါတယ်။ အရောင်ဖျော့တဲ့ Suede Hats တွေမှာ အစွန်းအထင်းများတင်ခဲ့ပါက ခဲဖျက်ကိုအသုံးပြုပြီးသန့်ရှင်းရေးလုပ်နိုင်ပါတယ်။ ချွေးစွန်းတဲ့အကွက်လေးတွေကိုတော့ baby shampoo နဲ့ရေနွေးကိုရောစပ်ပြီး အဝတ်စနဲ့ ညင်သာစွာပွတ်တိုက်သန့်ရှင်းရေးလုပ်ပေးနိုင်ပါတယ်။

(၄) Leather Hats တွေကိုသန့်ရှင်းရေးလုပ်နည်း

Photo : The Manual

လည်သာဦးထုပ်တွေကိုလည်း အထက်ပါဦးထုပ်တွေအတိုင်း brush နဲ့ ညင်သာစွာပွတ်တိုက် သန့်ရှင်းပေးလို့ ရပါတယ်။ Lexol သို့မဟုတ် Bickmore’s Bick-4 လည်သာသန့်စင်ဆေးတွေနဲ့လည်း အညစ်အကြေးတွေကို သန့်ရှင်းရေးလုပ်နိုင်ပါတယ်။ ဆပ်ပြာနဲ့ပွတ်တိုက်ဆေးကြောခြင်းမျိုးကိုတော့ ရှောင်ကြဉ်ပါ။ နူးညံ့ပျော့ပျောင်းတဲ့လည်သာဦးထုပ်တွေကို neatsfoot oil သုတ်လိမ်းပေးမယ်ဆိုရင် အချိန်ကြာကြာသစ်လွင်တောက်ပြောင်နေမှာဖြစ်ပါတယ်။

(၅) Canvas Hats တွေကို သန့်ရှင်းရေးလုပ်နည်း

Photo : The Manual

အဝတ်သားနဲ့ ကင်းဗတ်ဦးထုပ်တွေကတော့ အလွယ်ကူးဆုံးသန့်ရှင်းရေးလုပ်နိုင်တဲ့ ဦးထုပ်တွေဖြစ်ပါတယ်။ brush နဲ့‌ ရေကိုအသုံးပြုပြီး ဖုန်နဲ့အညစ်အကြေးအစွန်းအထင်းတွေကို ကောင်းစွာသန့်စင်ပေးနိုင်မှာဖြစ်ပါတယ်။ အစွန်းအထင်းတွေကိုလည်း သန့်စင်ဆေးမှုန့်တွေအသုံးပြုပြီး လျော်ဖွတ်သန့်စင်နိုင်ပါတယ်။

Featured Photo : The Manual