စီးပွားရေးလုပ်ငန်းတစ်ခု မဖြစ်စလောက် ပိုက်ဆံနည်းနည်းနဲ့ လုပ်ငန်းစခဲ့တယ်။ ရုံးချုပ်က ဂိုထောင်ဟောင်းတစ်လုံးဖြစ်လို့ သူ့ကို ဂိုထောင် Startup လို့ ခေါ်ခဲ့ပါတယ်။ အံ့အားသင့်စရာကောင်းတာက ကမ္ဘာ့အကြီးဆုံး နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေ ၊ တီးဝိုင်းအဖွဲ့နဲ့ တခြားအောင်မြင်တဲ့စီးပွားရေး လုပ်ငန်းတွေထဲက အတော်များများဟာ ဂိုထောင်တစ်လုံးထဲကနေ လုပ်ငန်းစခဲ့တာပါပဲ။ ကဲ.. ဘယ်လို လုပ်ငန်းတွေလည်း ကြည့်ရအောင်ပါ။

(၁) Amazon

Photo: Brightside Me

၁၉၉၄ ခုနှစ် အင်တာနက်ခေတ်ဦးမှာ ဂျက်ဖ်ဘီဇော့စ်ဆိုတဲ့ လူတစ်ယောက်ဟာ ကိုယ်ပိုင် အွန်လိုင်းစာအုပ်ဆိုင်တစ်ခု ထောင်ခဲ့ပါတယ်။ သူ့လုပ်ငန်းရဲ့ ရုံးချုပ်က သူ့အိမ်က ဂိုထောင်ထဲမှာပါ။ တံခါးဟောင်းတစ်ခုကို သူ့ရုံးစားပွဲအဖြစ်နဲ့ပေါ့။ အခုတော့ Amazon ဆိုတာ ကမ္ဘာ့အကြီးဆုံး အွန်လိုင်းလက်လီစတိုးဆိုင် ဖြစ်လာပြီး ဒီလုပ်ငန်းကို တည်ထောင်ခဲ့တဲ့ ဂျက်ဖ်ဘီဇော့ကလည်း ကိုယ်ပိုင် အာကာသယာဉ်လုပ်ငန်းကြီးဖြစ်တဲ့ Blue Origin တို့လို လုပ်ငန်းမျိုးပါ ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာကြီး ဖြစ်နေပါပြီ။

(၂) Apple

Photo: Brightside Me

အခု Apple ရုံးချုပ်ဟာ ဒေါ်လာ ၅ ဘီလျံတန်တဲ့ အဆောက်အဦဖြစ်နေပေမယ့် Apple ကို ပထမဆုံး သန္ဓေတည်ခဲ့တာက စတိဗ်ဂျော့စ်မိသားစုပိုင် ဂိုထောင်ထဲမှာ ဖြစ်ပါတယ်။ Apple ကုမ္ပဏီဟာ လက်ရှိမှာ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး စီးပွားရေးလုပ်ငန်းအမှတ်တံဆိပ်စာရင်းဝင် ကုမ္ပဏီကြီးဖြစ်လာပါပြီ။ စက်ဝိုင်းပုံ ၊ လေးထပ် Apple ရုံးချုပ်သစ်ကလည်း စတုရန်းပေ ၂.၈ သန်း ကျယ်ပြီး ဝန်ထမ်းပေါင်း ၁၃၀၀၀ အထိ ထားနိုင်တဲ့ ရုံးကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီ ဖြစ်ပါတယ်။

(၃) Disney

Photo: Brightside Me

ရွိုင်းနဲ့ ဝေါ့တ်ဒစ္စနေတို့ဟာ သူတို့ရဲ့ ပထမဆုံး အထူးပြုလုပ်ချက်လုပ်ထားတဲ့ ကာတွန်းရုပ်ရှင်ကို သူတို့ဦးလေးရဲ့ ကားဂိုထောင်ထဲမှာ ရိုက်ကူးခဲ့တာပါ။ အခုတော့ Walt Disney ကုမ္ပဏီဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ ဝင်ငွေအမြင့်ဆုံးရတဲ့ မီဒီယာအဖွဲ့အစည်းကြီး ဖြစ်လာသလို ကိုယ်ပိုင်ရုပ်ရှင်ခြံကျယ်ကြီးတွေ ၊ တီဗွီရုပ်သံလိုင်းတွေပါ ရှိလာပြီ ဖြစ်ပါတယ်။

(၄) Hewlett-Packard

Photo: Brightside Me

ကမ္ဘာ့အကြီးဆုံး Laptop ကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Hewlett-Packard ကို HP အမှတ်တံဆိပ်အနေနဲ့ လူသိများပါတယ်။ အခုချိန် HP ကုမ္ပဏီရုံးဟာ တကယ့်ခမ်းခမ်းနားနား မိုးမျှော်အဆောက်အဦကြီး ဖြစ်နေပေမယ့် ဒီကုမ္ပဏီဟာ ပထမတော့ ပက်ကတ်ရဲ့ ဂိုထောင်ထဲမှာ တိုင်းတာရေးကိရိယာထုတ်လုပ်သူအဖြစ် စတင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး ဖောက်သည်တွေထဲက တစ်ဦးက Walt Disney ကုမ္ပဏီ ဖြစ်ပါတယ်။

(၅) Google

Photo: Brightside Me

ကမ္ဘာ့အကြီးဆုံး ရှာဖွေရေးအင်ဂျင်လုပ်ငန်းကြီးဖြစ်တဲ့ Google ဟာ တစ်ခါကတော့ စတန်းဖို့ဒ်ကျောင်းထွက်နှစ်ဦးရဲ့ သုတေသနပရောဂျက်ကနေ ဖြစ်ပေါ်လာခဲ့တာပါ။ Google ရဲ့ ပထမဆုံးရုံးခန်းဟာ တကယ့်ကို သေးငယ်ကျဉ်းမြောင်းလှတဲ့ ဂိုထောင်ငယ်တစ်ခုဖြစ်ပါတယ်။ အခုတော့ Google ဟာ နောက်ဆုံးပေါ် နည်းပညာနဲ့ သိပ္ပံသုတေသနတွေ လုပ်ဆောင်ရာ နည်းပညာလုပ်ငန်းစုကြီး ဖြစ်လာပြီး လူမဲ့ယာဉ် ၊ ကွန်ပျူတာပုံရိပ်ယောင်နည်းပညာ ၊ ရောဂါဖြစ်မယ့်အရေး စောစီးစွာ ထောက်လှမ်းရေးကနေ ကြိုးမဲ့အင်တာနက်နယ်ပယ်အထိ ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံထားပြီ ဖြစ်ပါတယ်၊