လူတွေရဲ့ ဆက်ဆံရေးဟာ ရှုပ်ထွေးအဆင့်မြင့်လွန်းတာကြောင့် Relationship နဲ့ ပတ်သက်ရင် ငြင်းခုန်သံတွေ ညံစမြဲပါပဲ။ လက်မထပ်ခင် အတူနေတဲ့ Living Together ဓလေ့ဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပေမယ့် အခုထိ ဆွေးနွေးငြင်းခုန်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ လူနေမှုပွင့်လင်းလွတ်လပ်လွန်းတဲ့ အနောက်တိုင်းမှာ Living Together ဟာ ပြဿနာမဟုတ်ပေမယ့် အာရှသားတွေအကြားမှာ ဒီဓလေ့ကို အခုထိ လက်မခံငြင်းဆန်မှုတွေ ရှိနေပါတယ်။

လက်မထပ်ခင် အတူနေတာဟာ ကောင်းသလား ၊ ဆိုးသလား။ Living Together ကြောင့် ဘယ်လို အကျိုးအပြစ် ဖြစ်နိုင်သလဲ။

(၁) Living Together ဓလေ့လက်ခံသူတွေ

Photo: Unsplash

လက်မထပ်ခင် အတူနေဖို့အတွက် လူပြောများတဲ့ အကြောင်းရင်းတစ်ခုက ပိုက်ဆံအတူ မျှဝေသုံးစွဲဖို့ပါ။ အိမ်တစ်အိမ်ငှားပြီး နှစ်ယောက်သားပိုင်ဆိုင်သမျှကို အတူတူ တစ်နေရာတည်းမှာ ထားမယ်။ မျှဝေသုံးစွဲမယ်။ ပေးစရာတွေ အတူအကုန်အကျခံမယ်။ လက်ထပ်ဖို့ ပိုက်ဆံစုရာမှာလည်း ပိုစုမိအောင်ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါတတ်ပါတယ်။

နောက်တစ်ချက်က Living Together ကြောင့် မင်္ဂလာမဆောင်ခင်မှာ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိအောင်လည်း ကူညီနိုင်တယ်လို့ ဆိုပါတယ်။ သူစိမ်းနှစ်ယောက် လက်ထပ်ကြတယ်/အတူနေကြတယ်ဆိုရာမှာ တစ်ဦးရဲ့စရိုက်သဘာဝကို တခြားတစ်ဦးက တကယ်သိရှိပြီး နားလည်လက်ခံဖို့ပါ ကြိုးစားရတာပါ။ လက်မထပ်ခင်ကတည်းက တစ်ယောက်အကြောင်း တစ်ယောက် သေချာသိထားရင် အိမ်ထောင်ရေးမှာ စိတ်ဆင်းရဲတာ သက်သာနိုင်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ အတူနေတာဟာ သံယောဇဉ်ပိုခိုင်မာစေပြီး တစ်ယောက်နဲ့တစ်ယောက် ပိုနီးစပ်စေနိုင်တယ်လို့ ဆိုကြပါတယ်။ လူချင်းရော စိတ်ချင်းပါ နီးစပ်နိုင်တယ်လို့ ဆိုကြပါတယ်။ အနောက်နိုင်ငံတွေအတွက် ဒါဟာ ကိုယ်ကာယစပ်ယှက်မှုဆိုတာထက် ပိုပြီး အဓိပ္ပါယ်ရှိတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ တကယ်တော့ Living Together ဟာ လက်မထပ်ခင် တစ်ယောက်ကို တစ်ယောက် တကယ်ချစ်နိုင်/မြတ်နိုးနိုင်ပါ့မလားဆိုတာကို စမ်းသပ်တဲ့ စမ်းသပ်မှုတစ်ခုလည်း ဖြစ်ပါတယ်။

(၂) Living Together ဓလေ့ လက်မခံသူတွေ

Photo: Unsplash

Living Together ကို လက်ခံသင့်တဲ့အရာလို့ မယူဆတဲ့လူတွေ ရှိပါတယ်။ လူတော်တော်များများအတွက် လက်မထပ်ခင် အပျို/လူပျိုဘဝကို တန်ဖိုးထားဖို့ ဘာသာရေးအစဉ်အလာတွေက တားမြစ်ထားတာတွေရှိပါတယ်။ ဒါကလည်း မှားတယ်လို့ ပြောလို့ မရပါဘူး။ တကယ်ရင့်ကျက်တဲ့အရွယ် ၊ ရှေ့နောက် ဆင်ခြင်စဉ်းစားနိုင်ပြီး ဖြစ်လာတဲ့ လောကဓံတွေကို ရင်ဆိုင်နိုင်တဲ့ အနေအထားမျိုးမှာ Living Together နေတာ ပြဿနာမဟုတ်ပေမယ့် အဆင်ခြင်နည်းပြီး ဘဝအတွေ့အကြုံမရှိတဲ့လူငယ်ဘဝမှာတော့ Living Together ကို တားမြစ်တာ ကောင်းပါတယ်။

၁၉၆၀ ,၇၀ နဲ့ ၈၀ ပြည့်လွန်နှစ်တွေက လေ့လာမှုတွေအရ လက်မထပ်ခင် အတူနေတဲ့ စုံတွဲတွေဟာ အိမ်ထောင်ကွဲဖို့ ပိုပြီး ရာခိုင်နှုန်းများတယ်လို့ ဆိုပါတယ်။ လူမှုရေးအရလည်း တိုးတက်ခေတ်မီပါတယ်ဆိုတဲ့ ဒီနေ့အထိ Living Together ဓလေ့ကို လက်မခံမှုတွေက ရှိနေတုန်းပါပဲ။ Living Together ကိစ္စဟာ အသိပညာပေးမှုတွေ ၊ အမြင်ကျယ်ကျယ် ဆွေးနွေးမှုတွေနဲ့ လေ့လာချက်တွေ အများကြီး ထပ်လုပ်သင့်တဲ့ လူမှုရေးကိစ္စတစ်ခု ဖြစ်လို့ လက်မထပ်ခင် အတူနေရင် အိမ်ထောင်ပျက်လွယ်တယ်ဆိုတာမျိုးကို တစ်ထစ်ချ ပုံသေ မှတ်မထားသင့်ဘဲ အရွယ်ရဲ့ ရင့်ကျက်မှု ၊ လူရဲ့ ဆင်ခြင်နိုင်စွမ်းနဲ့ ခေတ်စနစ်ပေါ် လိုက်ပြီး ဆုံးဖြတ်တာမျိုး ဖြစ်သင့်တယ်လို့ ဆိုချင်ပါတယ်။

အရှေ့တိုင်းလို အများစုက လက်မထပ်ခင် အတူနေတဲ့ဓလေ့ကို အပြင်းအထန်လက်မခံတဲ့ အစွဲကြီးလွန်းတဲ့ မိသားစုအသိုင်းအဝိုင်းမှာဆို ဒီကိစ္စမျိုးဟာ သေခန်းပြတ်တဲ့အထိ အခြေအနေ ဆိုးသွားတတ်ပါတယ်။ ဒါကြောင့် မိသားစုအခြေအနေနဲ့ ကိုယ့်ရဲ့ ရင့်ကျက်မှု ၊ ခေတ်စနစ်နဲ့ လူမှုပတ်ဝန်းကျင်ကို ချိန်ဆပြီးမှ Living Together ကိစ္စကို လက်ခံသင့်တယ်လို့ ပြောချင်ပါတယ်။

Featured Photo: Unsplash