ကမ္ဘာပေါ်မှာ ဒေါ်လာထရီလီယံတန်တဲ့ ကုမ္ပဏီများများစားစား မရှိပါဘူး။ သမိုင်းမှတ်တမ်းအရ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး ဒေါ်လာထရီလီယံတန်လုပ်ငန်းက U.S Steel လုပ်ငန်းဖြစ်တယ်လို့ ဆိုပါတယ်။ ထရီလီယံတန်လုပ်ငန်းဆိုတာ ဒေါ်လာဘီလျံ ၁၀၀၀ ‌ကို ပြောတာပါ။

နည်းပညာကုမ္ပဏီတွေထဲမှာ ဒေါ်လာထရီလီယံတန်တဲ့ ပထမဆုံးလုပ်ငန်းက Apple ကုမ္ပဏီဖြစ်ပါတယ်။ ၂၀၂၂ အတွက် ဒေါ်လာဘီလျံပေါင်း ၁၀၀၀ နဲ့အထက် တန်တဲ့ နည်းပညာကုမ္ပဏီတွေက ဘာကုမ္ပဏီတွေလဲဆိုတာကိုတော့ အောက်မှာ ဖော်ပြလိုက်ပါတယ်။

(၅) Tesla

Photo: The Guardian

ကမ္ဘာကျော် လျှပ်စစ်ကားကုမ္ပဏီ Tesla Inc ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာ ဒေါ်လာ ၁ ထရီလီယံနဲ့အထက် တန်ကြေးရှိတဲ့ ကုမ္ပဏီအဖြစ်ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပါတယ်။ ရှယ်ယာဈေး တစ်စုကို ၁၀၂၄.၃၆ ‌ဒေါ်လာအထိ ပေါက်ချိန်မှာ Tesla ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၁ ထရီလီယံကျော် တန်လာခဲ့တာပါ။ Hertz နဲ့ Tesla အကြား လျှပ်စစ်ကားအစီးရေ ၁ သိန်း အရောင်းအဝယ်ဖြစ်ကြောင်း သတင်းထွက်ပြီးနောက် ဈေးကွက်တန်ဖိုး ဒေါ်လာ ၁.၀၄၉ ထရီလီယံနဲ့ ပဉ္စမမြောက် ဒေါ်လာထရီလီယံတန်လုပ်ငန်းအဖြစ်ကို ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

Tesla တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်လည်း ရှယ်ယာဈေး မြင့်ခြင်းကြောင့် ဒေါ်လာဘီလျံ ၂၀၀ ကျော်အထိ ချမ်းသာလာခဲ့ပါတယ်။ Tesla ကားကုမ္ပဏီအပြင် ဒေါ်လာ ဘီလျံ ၁၀၀ ကျော်တန် SpaceX အာကာသယာဉ်လုပ်ငန်း ၊ Neuralink အာရုံကြောနည်းပညာကုမ္ပဏီနဲ့ Boring လျှပ်စစ်ဓါတ်အားသုံးအများပြည်သူ ပို့ဆောင်ရေးလုပ်ငန်းများလည်း ပိုင်ဆိုင်တဲ့ အီလွန်မတ်စ်ဟာ ဒေါ်လာဘီလျံ ၃၀၀ နဲ့ အထက် ချမ်းသာတဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးလည်း ဖြစ်ပါတယ်။

(၄) Amazon

Photo: axios

ဇန်နဝါရီလ ၁၄ ရက်နေ့အထိ Amazon ရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၁.၆၄၄ ထရီလီယံရှိတယ်လို့ Nasdaq ၊ Yahoo Finance နဲ့ CompaniesMarketCap တို့က တညီတညွတ်တည်း ဖော်ပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ကတည်းက ထရီလီယံတန်လုပ်ငန်းအဖြစ်ကို ရောက်လာတဲ့ Amazon ကို ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဖ်ဘီဇော့စ်က တည်ထောင်ခဲ့တာပါ။

၂၀၀၁ ခုနှစ်က ဈေးကွက်တန်ဖိုး ဒေါ်လာ ၄ ဘီလီယံတန် လုပ်ငန်းအဖြစ်ကနေ နှစ်ပေါင်း ၂၀ အတွင်း ကုမ္ပဏီဟာ ဘီလျံ ၁၆၀၀ ကျော်တန်တဲ့ လုပ်ငန်းအဖြစ်ကို ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန်လက်လီအွန်လိုင်းစတိုးလုပ်ငန်းကြီးဖြစ်တဲ့ Amazon ဟာ အွန်လိုင်းစာအုပ်ရောင်းသူအဖြစ်ကနေ စတင်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး e-Commerce ပလက်ဖောင်းအဖြစ်ကို ရောက်လာခဲ့တာပါ။ အခုနောက်ပိုင်းမှာ e-Commerce ပိုင်းအပြင် AI ၊ Cloud Services ၊ ရုပ်သံဖျော်ဖြေရေး စတဲ့ ဝန်ဆောင်မှုအမျိုးမျိုးကို ကမ္ဘာတလွှား ဖြန့်ကြက်ထားနိုင်ပြီ ဖြစ်ပါတယ်။

(၃) Alphabet Inc

Photo: dallasnews

Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ဟာ ဈေးကွက်တန်ဖိုးအရ တတိယအကြီးဆုံး အမေရိကန်နည်းပညာကုမ္ပကြီးတစ်ခုဖြစ်ပြီး တတိယမြောက်အကြီးဆုံး ထရီလီယံတန်လုပ်ငန်းအဖြစ်လည်း ရပ်တည်နေပါတယ်။ ဇန်နဝါရီလလယ်အထိ ဈေးကွက်တန်ဖိုးခန့်မှန်းချက်တွေအရ Alphabet ဟာ ဒေါ်လာ ၁.၈၅၄ ထရီလီယံတန်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့အကြီးဆုံး အင်တာနက်ရှာဖွေရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Alphabet ဟာ Search Engine လုပ်ငန်းအပြင် Operating System ၊ စမတ်ဖုန်း ၊ ကျန်းမာရေးနည်းပညာ ၊ ရင်းနှီးမြှပ်နှံမှုနဲ့ သုတေသနဘက်တွေလည်း အာရုံစိုက်နေပါတယ်။ Google ကုမ္ပဏီကို ၁၉၉၈ ခုနှစ်မှာ လယ်ရီပေ့ချ်နဲ့ ဆာဂီဘရင်းတို့က စတန်းဖို့ဒ်တက္ကသိုလ်တက်နေရင်းနဲ့ တည်ထောင်ခဲ့တာပါ။ အခုတော့ ဒီကုမ္ပဏီကို အိန္ဒိယသား CEO ဆွန်ဒါပီချိုင်းက ဦးစီးနေပါတယ်။

(၂) Microsoft

Photo: inc

ကမ္ဘာကျော်သူဌေးကြီး ဘီလ်ဂိတ်စ်တည်ထောင်ခဲ့တဲ့ Microsoft ဟာ ဒုတိယမြောက် ဈေးကွက်တန်ဖိုးအကြီးဆုံး နည်းပညာကုမ္ပဏီတစ်ခု ဖြစ်ပြီး ဇန်နဝါရီလ အချက်အလက်တွေအရ ဈေးကွက်တန်ဖိုးဒေါ်လာ ၂.၃၂၈ ထရီလီယံတန်တယ်လို့ ဆိုပါတယ်။ Microsoft ဟာ ၂၀၁၉ ခုနှစ်ကတည်းက Trillion-Dollar Club လို့ခေါ်တဲ့ ဒေါ်လာထရီလီယံတန်လုပ်ငန်းတွေထဲက တစ်ခုအဖြစ်ကို ရောက်လာခဲ့တာပါ။

၂၀၂၁ မှာ ဒီကုမ္ပဏီဟာ နှစ်အလိုက် လုပ်ငန်းတန်ဖိုး ၄၉% ကျော် တိုးလာပြီး ဒေါ်လာ ၂.၅၁၂ ထရီလီယံအထိ ရှိလာခဲ့ပါတယ်။ Microsoft ကုမ္ပဏီဟာ ဆော့ဖ်ဝဲလ်ဖွံ့ဖြိုးရေး ၊ သတင်းအချက်အလက် နည်းပညာနဲ့ လူသုံးကုန်အီလက်ထရွန်းနစ်ပိုင်း သွားပြီး Windows OS ၊ Microsoft Office ၊ Laptops ၊ Xbox နဲ့ Search Engine ထုတ်ကုန်တွေ ထုတ်လုပ်ပါတယ်။

(၁) Apple

Photo: Inc

ဇန်နဝါရီလဆန်းပိုင်းက Apple ကုမ္ပဏီဟာ ကမ္ဘာ့ပထမဆုံးဒေါ်လာ ၃ ထရီလီယံတန် အမေရိကန်ကုမ္ပဏီအဖြစ်ကို ရောက်ရှိခဲ့ပါတယ်။ Apple ရှယ်ယာဈေး တစ်စုကို ၁၈၂.၈၆ ဒေါ်လာအထိ တက်လာပြီးနောက် အခုလို ဒေါ်လာ ၃ ထရီလီယံတန် လုပ်ငန်းဖြစ်လာခဲ့တာပါ။ လေးနှစ်အတွင်း Apple ရဲ့ ဈေးကွက်တန်ဖိုးဟာ ၃ ဆ တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၄ ရက် စာရင်းအပိတ်မှာ Apple ဟာ ဒေါ်လာ ၂.၈၂၆ ထရီလီယံတန် လုပ်ငန်းအဖြစ် ရပ်တည်နေတယ်လို့ ဆိုပါတယ်။ Apple လို့ ပြောလိုက်ရင် iPhone က နာမည်အကျော်ကြားဆုံး ထုတ်ကုန်ပါ။ ဒီထုတ်ကုန်အပြင် iPod ၊ iPad ၊ Apple Watch ၊ MacBook ၊ App Store ၊ ကွန်ပျူတာတွေနဲ့ Apple+ လိုမျိုး အွန်လိုင်းဖျော်ဖြေရေးနဲ့ Streaming Services တွေလည်း ထုတ်လုပ်ရောင်းချနေပါတယ်။

Featured Photo: chrismercer