ကမ္ဘာကျော်မင်းသားကြီးတွမ်ဟန့်ခ်ကို အားလုံးပဲ သိကြမယ်ထင်ပါတယ်။ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ အောင်မြင်ကျော်ကြား ဂန္ဓဝင်ရုပ်ရှင်ကားကောင်းတွေ ရိုက်ကူးခဲ့တဲ့သူဟာ ၁၉၉၃ နဲ့ ၁၉၉၄ ခုနှစ်တွေမှာ Philadelphia နဲ့ Forrest Gump ရုပ်ရှင်ကားတွေကြောင့် နှစ်နှစ်ဆက်တိုက် အကယ်ဒမီ‌အော်စကာဆုတွေ ရခဲ့သလို အော်စကာ ဆန်ကာတင်စာရင်းမှာလည်း ဇာတ်ကားပေါင်းများစွာနဲ့ စာရင်းဝင်ခဲ့သူပါ။

အသက် ၆၅ နှစ်ပြည့်ပြီ ဖြစ်တဲ့ မင်းသားကြီး တွမ်ဟန့်ခ်ကို Captain Phillips ၊ Apollo 13 ၊ Saving Private Ryan ၊ Bridge of Spies ၊ Toy Story ၊ Cast Away စတဲ့ ရုပ်ရှင်တွေနဲ့လည်း အများက သိကြပါတယ်။ ဒီတစ်ခေါက်မှာတော့ လူသိများတဲ့ မင်းသားကြီးတွမ်ဟန့်ခ်ရဲ့ လူသိနည်းကြတဲ့ အချက်တချို့အကြောင်း မျှဝေတင်ဆက်လိုက်ပါတယ်။

(၁) သမ္မတလင်ကွန်းနဲ့ အမျိုးတော်တယ်

Photo: chicago tribune

National Geographic ရဲ့ ၂၀၁၃ ထွက် သမိုင်းရုပ်ရှင် Killing Lincoln မှာ နောက်ခံစကားပြောခဲ့တဲ့ မင်းသားကြီးတွမ်ဟန့်ခ်ဟာ အမေရိကန်နိုင်ငံရဲ့ ၁၆ ဆက်မြောက် သမ္မတကြီးနဲ့လည်း အမျိုးမကင်းဘူးလို့ ဆိုပါတယ်။ လင်ကွန်းအမေ နန်စီဟန့်ခ်နဲ့ အဆက်တွေ ဖြစ်ပါတယ်။ သမ္မတကြီးရဲ့ ရှေ့သုံးဦးမြောက်အဘေးတစ်ဦးဖြစ်တဲ့ ဂျွန်ဟန့်ခ်ဟာ တွမ်နဲ့ဆို ၆ ဆက်မြောက် ရှေ့ဘိုးဘေးတစ်ဦးလည်း ဖြစ်ပါတယ်။

(၂) ဟိုတယ်မှာ အိတ်သယ်ပေးသူလည်း ဖြစ်ခဲ့တယ်

Photo: hola

မကျော်ကြားခင် ကောလိပ်ကျောင်းသားဘဝက မင်းသားကြီးဟာ Hilton ဟိုတယ်တွေမှာ Bellman လို့ခေါ်တဲ့ ခရီးသည်တွေရဲ့အိတ်တွေ သယ်ပေးသူအဖြစ် အလုပ်လုပ်ခဲ့ရသလို မြေပဲနဲ့ ဆိုဒါဖျော်ရည်ရောင်းသူအဖြစ်လည်း အသက်မွေးခဲ့ဖူးပါတယ်။

(၃) Forrest Gump ရုပ်ရှင်အတွက် ငွေစိုက်ခဲ့တယ်

Photo: virun

ဒီရုပ်ရှင်ကို ထုတ်လုပ်တဲ့ Paramount Pictures က ဖောရက်စ် တစ်နိုင်ငံလုံး ပြေးတဲ့ နေရာ Scene အတွက် ငွေမစိုက်တာကြောင့် တွမ်ဟန့်ခ်နဲ့ ဒါရိုက်တာ ရောဘတ်ဇမ်မတ်စ်ကီးစ်တို့က အဲ့ရိုက်ကွင်းကို ထည့်ရိုက်နိုင်ဖို့ အိတ်စိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလို ရင်းရတာလည်း တန်ပါတယ်။ ဟန့်ခ်ဟာ Forrest Gump ကားမှာ ဒေါ်လာ ၆၅ သန်းအထိ ရခဲ့တယ်လို့ ဆိုပါတယ်။

(၄) လက်နှိပ်စက်တွေ စုဆောင်းတဲ့ ဝါသနာအိုးတစ်ဦးပါ

Photo: Paper Jam

၂၀၁၇ ခုနှစ်က Documentary ကားတစ်ကားဖြစ်တဲ့ California Typewriter ကားမှာ ဟန်ခ့်က သူ့မှာလက်နှိပ်စက်ပေါင်း ၂၅၀ ပိုင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒီထဲက ၉၅ ရာခိုင်နှုန်းက အခုထိကောင်းကောင်း အလုပ်လုပ်တုန်းပဲလို့ ဆိုပါတယ်။ သူ့ဘဝရဲ့ ပထမဆုံးလက်နှိပ်စက်ကို သူငယ်ချင်းတစ်ယောက်ဆီက ရခဲ့တာလို့လည်း တွမ်ဟန့်ခ်က ပြောပါတတယ်။

(၅) သမ္မတရဲ့ လွတ်လပ်မှုရွှေတံဆိပ်လည်း ရခဲ့ပါတယ်

Photo: ABC

သမ္မတဘားရက်ခ်အိုဘားမားလက်ထက် ၂၀၁၆ မှာ တွမ်ဟန့်ဟာ Presidential Medal of Freedom ဆု ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ ရုပ်ရှင်ပိုင်း အောင်မြင်ကျော်ကြားမှုတွေကြောင့်အပြင် စစ်ပြန်တွေနဲ့သူတို့ မိသားစုအရေးမှာ သူ့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် အခုလို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

Featured Photo: Vanity Fair