မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှူး အန်သိုနီမာရှယ်ကို အငှားနဲ့ခေါ်ယူဖို့ အတွက် လာလီဂါထိပ်တန်းကလပ် ဆီဗီလာအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ Mirror သတင်းမှာ ဖော်ပြထားပါတယ်။

Photo : Swift Headline

အသက် ၂၆ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ ယခုနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ၂ ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ၆ နှစ်ခွဲကြာဖြတ်သန်းခဲ့မှုကို အဆုံးသတ်ဖို့ ဆန္ဒရှိနေကြောင်း ယာယီနည်းပြအသစ် ရာ့လ်ဖ်ရန်းနစ်ခ်က အတည်ပြုပြောကြားခဲ့ပါတယ်။

တိုက်စစ်မှူး အန်သိုနီမာရှယ်အနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းပြောင်းဖို့ ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပြီးနောက်မှာ လာလီဂါထိပ်တန်းကလပ် ဆီဗီလာအသင်းရဲ့ စိတ်ဝင်စားမှုကိုခံနေရတာပဲ ဖြစ်ပါတယ်။

Sky Sports ရဲ့ ဖော်ပြချက်အရ ဆီဗီလာအသင်းဟာ ပြင်သစ်တိုက်စစ်မှူးကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပြီး ဒီကမ်းလှမ်းမှုမှာ မာရှယ်အားလာမယ့်နွေရာသီမှာ အပြီးသတ်ခေါ်ယူသွားမယ်ဆိုတဲ့ အချက်လည်းမပါဝင်ခဲ့သလို ရွေးချယ်ခွင့်လည်းမရှိတာကြောင့် ယူနိုက်တက်အသင်းအနေနဲ့ ဆီဗီလာအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ ကမ်းလှမ်းမှုဟာ တိုက်စစ်မှူးမာရှယ်ရဲ့ လုပ်ခလစာ ထက်ဝက်ခန့်သာ အကျုံးဝင်ပြီး ဆီဗီလာအသင်းအနေနဲ့ မာရှယ်ကို တစ်ပတ်လျှင် ပေါင် ၂၀၀,၀၀၀ သာပေးချေမှာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေသော်လည်း ယူနိုက်တက်အသင်းက ၎င်းတိုက်စစ်မှူးရဲ့ လစာအပြည့်ပေးချေမယ့် ကမ်းလှမ်းမှုများကိုသာ ထည့်သွင်းစဉ်းစားမှာဖြစ်ပြီး ထို့အတူ အငှားကြေးလည်း ပါဝင်မှာဖြစ်တယ်လို့ ESPN သတင်းဌာနကဖော်ပြထားပါတယ်။

Photo : Daily Mail

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ဇန်နဝါရီအပြောင်းအရွေ့ကာလအတွင်းမှာ သူတို့တောင်းဆိုထားတဲ့ အချက်တွေအားလုံးနဲ့ ကိုက်ညီတဲ့ ကမ်းလှမ်းမှုမျိုးမရှိခဲ့ပါက ၂၀၂၄ မှ စာချုပ်သက်တမ်းကုန်ဆုံးမယ် တိုက်စစ်မှူးမာရှယ်ကို အသင်းမှာပဲ ဆက်လက်ထားရှိသွားမယ်လို့ သိရပါတယ်။

Featured Photo : Eurosport