ဖက်ရှင်ဆိုတာ တစ်နှစ်နဲ့တစ်နှစ် တူတာမဟုတ်ပါဘူး။ ခေတ်ရေစီးကြောင်းအတိုင်း အပြောင်းအလဲတွေ ဖြစ်တတ်တဲ့ သဘောရှိပါတယ်။ တချို့ ဖက်ရှင်ရေစီးကြောင်းက အရင်တုန်းက အဟောင်းတွေကို ဆန်းသစ်တာမျိုး ပါကောင်းပါနိုင်ပေမယ့် များသောအားဖြင့် ခေတ်နဲ့မကိုက်တော့တဲ့ ဝတ်စားဆင်ယင်ပုံတွေကတော့ နှစ်ဟောင်းမှာ ကျန်ခဲ့စမြဲပါပဲ။ ဒီနှစ်မှာရော ၂၀၂၀ တုန်းက ဘယ်ဖက်ရှင်စတိုင်တွေ ချန်ခဲ့ရမလဲ ကြည့်လိုက်ရအောင်ပါ။

(၁) Fast ဖက်ရှင်

Photo: Ape To Gentleman

အဝတ်အစားဝယ်မယ်ဆိုရင် “နည်းနည်းနဲ့ ကောင်းကောင်းဝယ်” လို့ ပြောချင်ပါတယ်။ ဈေးပေါပေါနဲ့ Trend အတိုင်း ထုတ်လိုက်တဲ့ လမ်းဘေးအဝတ်အစားမျိုး ဝယ်ရင် ငွေကုန်ပြီး ထားရသိုရ ခက်တာပဲ ရှိပါမယ်။ ပေါ်ပင်ထွက်လာတဲ့ အဝတ်အစားတွေ ဝယ်မယ့်အစား အရည်အသွေးကို ကြည့်ဝယ်ပါ။ အမြော်အမြင်နဲ့ ကြည့်ပြီး အနည်းဆုံး ၃/၄ နှစ် ခေတ်မရိုးအောင် ဝတ်လို့ရမယ့် အဝတ်အစားမျိုး ဝယ်ပါလို့ အကြံပေးချင်ပါတယ်။

(၂) Sockless ဖက်ရှင်

Photo: Ape To Gentleman

ပြီးခဲ့တဲ့နှစ်တွေက ခြေအိတ်မပါဘဲ Sneaker စီးတဲ့ Sockless Looks တွေ ခေတ်စားခဲ့ပါတယ်။ Casual နဲ့ Smart Casual စတိုင် ဝတ်သူတွေဟာ Sockless စတိုင် ဖိနပ်စီးတာကို စတိုင်တစ်ခုလို လိုက်နာခဲ့ပါတယ်။ ရာသီဥတု ပူတဲ့အချိန်မျိုးမှာ ခြေအိတ်မပါဘဲ ဝတ်သင့်ပေမယ့် ပုံမှန်အခြေအနေမျိုးမှာ ခြေကျင်းဝတ်မှာ ခြေအိတ်ဝတ်ပြီး ဖိနပ်စီးပေးသင့်ပါတယ်။

(၃) WFH ဖက်ရှင်

Photo: Ape To Gentleman

၂၀၁၉ အကုန် ၂၀၂၀ က စလို့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်မှာနေရင်း အလုပ်လုပ်ရတဲ့ Work From Home ယဉ်ကျေးမှုတစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်။ WFH ဖက်ရှင်ဆိုပြီး Slipper စီးပြီး အိမ်နေရင်းတီရှပ်တွေ ၊ ဘောင်းဘီတိုပွပွကြီးတွေ ဝတ်ခဲ့ကြပါတယ်။ ဒီနှစ်ထဲ COVID-19 ကပ်ကို နှိမ်နင်းနိုင်ရင်တော့ WFH ဖက်ရှင်တွေအစား စမတ် Sweatpants တို့ ၊ Smart Casual Wear တို့ကို ပြောင်းပြီး ဝတ်ရတော့မှာပါ။

(၄) Skinny ဖက်ရှင်

Photo: Ape To Gentleman

၂၀၂၁ မှာတော့ ဘယ်ယောင်္ကျားလေးမှ Skinny Jeans ဝတ်တော့မယ် မထင်ပါဘူး။ ၂၀၁၀ ပြည့်လွန်နှစ်တွေက လူငယ်တွေအကြားမှာ Skinny စတိုင်တွေ ရေပန်းစားခဲ့ပေမယ့် အတော်များများက ဒီဖက်ရှင်နဲ့ အဆင်မပြေတာကြောင့် တာ့တာပြလိုက်ကြပြီ ဖြစ်ပါတယ်။ Skinny Jeans တွေအစား မရိုးနိုင်အောင် ကောင်းတဲ့ Straight-Leg ဒီဇိုင်းနဲ့ Slim-Fit စတိုင်တွေပဲ ဝတ်လာကြပါတယ်။

Skinny လိုပဲ နောက်ထပ် ပြဿနာရှိတဲ့ ဖက်ရှင်က ကြွက်သားတွေ ပေါ်လွင်စေတဲ့ အသားကပ် Muscle-Fit အဝတ်အစားတွေ ဖြစ်ပါတယ်။ Muscle-Fit ဒီဇိုင်းအင်္ကျီနဲ့ တီရှပ်တွေက ကိုယ်လုံးကို ကျပ်ထုတ်နေအောင် ဆွဲညှစ်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ ဝတ်ရတာ သက်တောင့်သက်သာမရှိတဲ့အပြင် ကြည့်ရတာလည်း အချိုးမကျတာကြောင့် လက်ရှောင်သင့်တဲ့ ဖက်ရှင်ထဲမှာ ထည့်ရတော့မှာပါ။