ကမ္ဘာတစ်လွှားမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးလှိုင်းကြီးက အရှိန်မသေသေးပေမယ့် ရုပ်ရှင်ထုတ်လုပ်ရေးသမားတွေကတော့ ဇာတ်လမ်းသစ်တွေ ရုံတင်ဖို့ ပြင်နေပြီ ဖြစ်ပါတယ်။ ရုပ်ရှင်ကားသစ်အများစုကို နာမည်ကျော် Streaming Platform တွေ ဖြစ်တဲ့ Disney+ ၊ Netflix နဲ့ Amazon Prime Video တို့လို ပလက်ဖောင်းတွေကနေလည်း ကြည့်နိုင်မှာပါ။ ၂၀၂၁ မေလမှာ ထွက်လာမယ့် ရုပ်ရှင်တွေထဲက စိတ်ဝင်စားဖို့ ကောင်းမယ့် ဇာတ်ကားသစ်တချို့ကို ညွှန်းပေးလိုက်ပါတယ်။

(၁) Wrath of Man

Photo: houstonpress

အက်ရှင်မင်းသားကြီး ဂျေဆန် စတေဟမ် သရုပ်ဆောင်ထားတဲ့ Wrath of Man ကားဟာ ငွေသယ်ထရပ်ကားကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ လူတစ်ယောက်ကို ဇာတ်အိမ်ပြုထားတာပါ။ သူ့တာဝန်က လော့စ်အိန်ဂျလိစ်တစ်ဝိုက်က ဒေါ်လာသန်းပေါင်းများစွာကို သယ်ယူပို့ဆောင်ရေးမှာ တာဝန်ယူရတာဖြစ်ပါတယ်။ မေလ ၇ ရက်နေ့မှာ ရုံတင်မယ်လို့ ဆိုပါတယ်။

(၂) Oxygen

Photo: indiewire

Cryogenic Pod ထဲကနေ မှတ်ဉာဏ်ပျောက်ဆုံးပြီး နိုးထလာတဲ့ အမျိုးသမီးတစ်ယောက် အရင်က မှတ်ဉာဏ်ဟောင်းတွေ ပြန်မှတ်မိဖို့ ကြိုးပမ်းတာကို ရိုက်ထားတာပါ။ Pod ထဲမှာ အသက်ရှုဖို့ လေမကုန်သေးခင် ထွက်ပေါက်ရှာတဲ့ အမျိုးသမီးအကြောင်းဖြစ်ပြီး သရုပ်ဆောင်အနေနဲ့ Mélanie Laurent, Mathieu Amalric, နဲ့ Malik Zidi တို့ ပါဝင်ထားပါတယ်။ မေလ ၁၂ ရက်မှာ Netflix ကနေ လွှင့်သွားမှာပါ။

(၃) Spiral: From the Book of Saw

Photo: Youtube

သွေးရဲရဲ သံရဲရဲ ရက်စက်တယ်လို့ နာမည်ကြီးတဲ့ Saw စီးရီးထဲက နောက်ဆုံးထွက် ရုပ်ရှင်ပါ။ Saw ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း အပြစ်ရှိတယ်လို့ သတ်မှတ်ထားတဲ့သူကို ကိုယ်ပိုင် တရားစီရင်နည်းနဲ့ သတ်ဖြတ်တာတွေကို မျှော်လင့်ရမှာပါ။ ရုံကြီးတွေမှာ မေ ၁၄ ရက်နေ့ တင်မှာ ဖြစ်ပြီး နာမည်ကျော် မင်းသားကြီး ဆင်မြူရယ် အယ်လ်ဂျက်ဆင်နဲ့ ခရစ္စရော့ခ်တို့ သရုပ်ဆောင်ထားပါတယ်။

(၄) A Quiet Place Part II

Photo: YouTube

ပထမထွက်ထားတဲ့ ထိတ်လန့်သည်းဖိုရုပ်ရှင် A Quiet Place ကို ကမ္ဘာတစ်လွှားမှာ အတော်လေး လူကြိုက်များခဲ့ကြပါတယ်။ အိဗ်လင်း အက်ဘော့နဲ့ သူမရဲ့ မိသားစုဟာ အသံကြားရာ ရန်မူတတ်တဲ့ သတ္တဝါဆိုးကြီးတွေရဲ့ ရန်နဲ့ ရင်ဆိုင်နေရတာပါ။ နောက်ပိုင်းမှာ အက်ဘော့မိသားစုအနေနဲ့ သူတို့ကြောက်ရမယ့်အရာဟာ ဒီသတ္တဝါဆိုးကြီးတွေချည်းပဲ မဟုတ်ဘူးဆိုတာ သိလာခဲ့ပါတယ်။ မေ ၂၈ ရက်နေ့ ရုံတင်မယ့်ကား ဖြစ်ပါတယ်။