အမျိုးသားတစ်ယောက်အနေနဲ့ Gym သွားတဲ့အခါ အိတ်တစ်လုံးကောင်းကောင်း ပြင်ဆင်သွားဖို့ လိုပါလိမ့်မယ်။ အိတ်ထဲမှာ ဘာပစ္စည်းတွေထည့် သွားရမလဲ ခေါင်းစားမနေပါနဲ့။ အခုဆောင်းပါးလေးကနေ Gym ကစားမယ့်သူတစ်ယောက်အတွက် သေချာပေါက်ယူသွားသင့်တဲ့ ပစ္စည်းစာရင်းကို ပြောပြပေးသွားမှာပါ။

(၁) မျက်နှာသုတ်ပဝါ / ပဝါအပိုတစ်ထည်

Photo : Fit For Fun

Gym မှာ ကစားလို့ချွေးထွက်တဲ့အခါသုတ်ဖို့ မျက်နှာသုတ်ပုဝါတစ်ထည်တော့ သေချာပေါက် ယူသွားဖို့ လိုမှာပါ။ ဒါထက်ပိုပြီး နောက်ထပ်ပဝါတစ်ထည် အပိုယူသွားဖို့လည်း မမေ့သင့်ပါဘူး။ Gym မှာအသုံးပြုတဲ့ ပစ္စည်းတွေက အများနဲ့ မျှဝေသုံးရတဲ့အတွက် ချွေးတွေစိုနေရင် သုတ်ဖို့ ပဝါ သီးသန့်တစ်ထည်လည်း လိုပါတယ်။ ဒီတော့ မျက်နှာနဲ့ကိုယ်လုံးသုတ်ဖို့ပဝါတစ်ထည် အပြင် gym equipment တွေသုတ်ဖို့ ပဝါအပိုတစ်ထည် ထပ်ဆောင်သွားသင့်ပါတယ်။

(၂) Headphones / Bluetooth Earphone တစ်စုံ

Photo : Engadget

Gym ကစားချိန်မှာ စိတ်ခွန်အားမြှင့်ပေးနိုင်တာကတော့ သီချင်းတွေပါပဲ။ သီချင်းနားထောင်ရင်း လေ့ကျင့်ခန်းလုပ်မယ်ဆို စိတ်ကိုပိုမိုတက်ကြွစေပြီး ခွန်အားတွေပိုရစေပါတယ်။ Gym အများစု မှာသီချင်းလေးတွေ ဖွင့်ထားတက်ပေမယ့် ကိုယ်ကြိုက်တဲ့သီချင်း တသီးတသန့်နားထောင်ရင်း ကစားချင်သူတွေအနေနဲ့တော့ Headphones သို့မဟုတ် Bluetooth Earphones ကောင်းကောင်းတစ်စုံ သေချာပေါက် ယူသွားဖို့လိုပါတယ်။

(၃) Workout Gear များ

Photo : Harbinger Fitness – Implus

Gym မှာ မဖြစ်မနေ share သုံးရမယ့် gym equipment တွေကလွဲလို့ တခြားပစ္စည်းတွေကို ကိုယ်ပိုင်သီးသန့် ယူဆောင်သွားဖို့ လိုအပ်ပါတယ်။ ဝိတ်တုံးတွေမတဲ့အခါ ထိခိုက်နာကျင်မှုနည်း စေဖို့ လက်ကောက်ဝတ် strap ကြိုးတွေ ၊ လက်အိတ်နဲ့ ခါးပတ်တွေ ယူဆောင်သွားသင့်ပါတယ်။ အလေးချိန်များများနဲ့ ပြင်းပြင်းထန်ထန် ကစားရတဲ့ bodybuilding လုပ်နေသူတွေ အတွက် မဖြစ်မနေယူသွားဖို့လိုတဲ့ Workout Gear တွေဖြစ်ပါတယ်။

(၄) အဝတ်အပိုတစ်စုံ

Photo : Ties.com

Gym ကစားပြီးတိုင်း အားကစားခန်းမကမထွက်ခင်မှာ သေချာပေါက်သန့်ရှင်းရေးလုပ်ဖို့ အကြံပြုချင်ပါတယ်။ Gym မှာ ဘက်တီးရီးယားတွေ ရောဂါပိုးမွှားတွေ အများဆုံးရှိနေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်လက်သေချာသန့်စင်ပြီး ချွေးစိုနေတဲ့အဝတ်ကိုလဲဖို့ အဝတ်အပိုတစ်စုံ ထည့်သွားဖို့လိုမှာပါ။ Gym မှာရေချိုးသန့်စင်ပြီးမှ ပြန်မယ့်သူတွေအတွက်တော့ ကိုယ်ပိုင် ရေချိုးဆပ်ပြာ ၊ ခေါင်းလျော်ရည်နဲ့ ချွေးနံ့ပျောက်ဆေးစတဲ့ ပစ္စည်းတွေပါထည့်သွားဖို့ လိုပါလိမ့်မယ်။

(၅) ရေဗူး / Protein Shaker

Photo : Bicycling

Gym မှာအများသုံးရေခွက်တွေနဲ့ ရေသောက်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်ပိုင်ရေဗူး သို့မဟုတ် Protein Shake သောက်ရသူတွေအနေနဲ့လည်း Protein Shaker ဗူးလေးတွေ ဆောင်သွားပါ။

Featured Photo : Best Products