ကော့လ်တေးတို့ရဲ့ ဘုရင် Old Fashioned လို့ တင်စားကြပါတယ်။ ဟုတ်ပါတယ် Old Fashioned ကော့လ်တေးဟာ ရှေးအကျဆုံးနဲ့ နာမည်အကျော်ကြားဆုံး Classic ကော့လ်တေးတစ်ခွက်ပါ။ ဒီတစ်ခေါက်တော့ Old Fashioned ကော့လ်တေးကို မတူညီတဲ့ ပုံစံအသစ်တစ်မျိုးနဲ့ ဆန်းသစ်မြည်းစမ်း ကြည့်ရအောင်ပါ။ ဒါကတော့ မီးခိုးရိုက် ထားတဲ့ Smoked Old Fashioned လို့ခေါ်တဲ့ မီးခိုးနံ့သင်းသင်းလေးနဲ့ စွဲမက်ဖွယ် ဖျော်စပ်နည်း ဖြစ်ပါတယ်။

Photo : A Couple Cooks

Smoked Old Fashioned ကော့လ်တေးဟာ အနည်းငယ်အနုစိတ်ဆန်တဲ့အတွက် ပုံမှန်ဖျော်နည်းတွေထက် အချိန်နည်းနည်းပိုပေးရမှာဖြစ်ပြီး မီးခိုးငွေ့ပေးဖို့ Smoking Gun တစ်ခုလည်း လိုပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ ဘော်ဘွန်း Whiskey ဝီစကီ ၊ သကြားခဲ ၊ Angostura Bitters ၊ ရေနဲ့ အလှဆင်ဖို့ လိမ္မော်သီးအခွံ ၊ ချယ်ရီသီးတို့ လိုပါတယ်။ ကဲဒါဆို တစ်သက်မမေ့နိုင်စရာ Smoked Old Fashioned ကော့လ်တေးရဲ့ အရသာကို မြည်းစမ်းဖို့ လွယ်ကူတဲ့ ဖျော်စပ်နည်းအဆင့်ဆင့်ကို ဆက်ပြီးလေ့လာကြည့်လိုက်ပါဦး။

Photo : A Couple Cooks

အရင်ဆုံး Lowball ဖန်ခွက်ထဲကို သကြားခဲ ၁ တုံး သို့မဟုတ် သကြားစားပွဲတင်ဇွန်း ၁ ဇွန်းခန့်နဲ့ Bitters ၄ စက်ခန့်ကို ရောထည့်ပေးပါ။ ပြီးတဲ့အခါ လိမ္မော်သီးအခွံနဲ့ ကော့လ်တေးချယ်ရီသီးတို့ကိုပါ ဖန်ခွက်ထဲရောထည့်ပြီး Smoking Gun နဲ့ မီးခိုးငွေ့ပေးကာ ၂ မိနစ်ခန့် ဖန်ခွက်ကို အဖုံးအုပ်ထားလိုက်ပါ။ အချိန်ပြည့်ပြီဆိုရင် ဖန်ခွက်ကိုအုပ်ထားတဲ့ အဖုံးကိုဖယ်ပြီး နောက်ထပ် ၂ မိနစ်ခန့် မီးခိုးရိုက် ပေးရပါမယ်။ ပြီးရင်တော့ လိမ္မော်သီးအခွံနဲ့ ချယ်ရီသီးတို့ကို ခဏပြန်ဖယ်ထားပြီး ရေစားပွဲတင်ဇွန်း တဝက်ခန့်ထည့်ကာ သကြားတွေ အနည်းငယ်ပျော်သွားတဲ့အထိ မွှေပေးပါ။ သကြားအနည်းငယ်ပျော်လာပြီဆိုရင် ဘော်ဘွန်း Whiskey ဝီစကီ ၂ အောင်စခန့် ထည့်ပေးပါ။

Photo : A Couple Cooks

ထို့နောက် ရေခဲအတုံးကြီးတစ်တုံး ထည့်လိုက်ပါ။ မီးခိုးရိုက်ထားတဲ့ လိမ္မော်အခွံကို အရည်နည်းနည်းညှစ်ပြီး ဖန်ခွက်နှုတ်ခမ်းဝတဝိုက်ကို ပွတ်ကာ ပြီးတာနဲ့ ဖန်ခွက်ထဲကို လိမ္မော်ခွံကိုပါ ပစ်ထည့်ပေးလိုက်ပါ။ ချယ်ရီသီးကိုလည်း ဖန်ခွက်ထဲတစ်ဖန်ပြန်ထည့်ပြီး Smoking Gun နဲ့ နောက်ထပ်တစ်ကြိမ် မီးခိုးငွေ့ပေးကာ ၂ မိနစ်ခန့် အဖုံးပြန်အုပ်ထားပေးရပါမယ်။ ဒါဆိုရင်တော့ တကယ့်ကို ထူးခြားစွဲမက်ဖွယ်ကောင်းတဲ့ မီးခိုးရိုက် ထားတဲ့ Smoked Old Fashioned ကော့လ်တေးတစ်ခွက် ရပါပြီ။

ကွီးတို့ Smoked Old Fashioned ကော့လ်တေးရဲ့ အရသာကို မြည်းစမ်းကြည့်ဖို့ Ready ပဲလား?

Featured Photo : Cocktail Recipes – WordPress.com