ဂန္ထဝင် ကော့လ်တေး တစ်မျိုးဖြစ်တဲ့ Paradise ကော့လ်တေးက အံ့သြဖွယ်ကောင်းသော အဖျော်ယမကာ တစ်မျိုးဖြစ်ပြီး သောက်သုံးသူများကို ဆွဲဆောင်နေပါတယ်။ ဒီကော့လ်တေးမှာ ဂျင်နှင့် ဘရန်ဒီ ကို ပေါင်းစပ်ထားပါတယ်။ ဒီလိုပေါင်းစပ်မှုက အစောပိုင်း ကာလများတွင် အတော်ရှားတယ်လို့ ဆိုပါတယ်။ ဒီကော့လ်တေးကို Craddock ရဲ့ ၁၉၃၀ မှာ ထွက်ရှိခဲ့တဲ့ Savoy Cocktail စာအုပ်တွင် ပထမဆုံး ပုံနှိပ်ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြည်းစမ်းကြည့်သင့်တဲ့ ဂန္ထဝင် ကော့လ်တေး ထဲမှာ ပါဝင်ပါတယ်။ ဒီနေ့မှာတော့ ကွီးတို့ အိမ်မှာပဲ အလွယ်တကူ ဖျော်စပ်လို့ရတဲ့ Paradise ကော့လ်တေး ဖျော်စပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

Photo : Cocktail Society

Paradise ကော့လ်တေး ဖျော်စပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့

  • ဂျင် ၁.၅ အောင်စ
  • Apricot ဘရန်ဒီ ၁ အောင်စ
  • လိမ္မော်ရည် ၂ အောင်စ
  • ရေခဲများ နဲ့
  • အလှဆင်ရန် အတွက် လိမ္မော်သီး စိတ်လေးများ စသည်တို့ လိုအပ်ပါတယ်။

ကွီးတို့ ကော့လ်တေး ဖျော်စပ်ရာမှာ သုံးမဲ့ လိမ္မော်ရည်ကို ဖြစ်နိုင်လျှင် အသင့်ဖျော်ရည်တွေ မသုံးဘဲ လတ်လတ်ဆတ်ဆတ် ညစ်ထားတဲ့ လိမ္မော်ရည်ကို အသုံးပြုပါ။ ဘရန်ဒီကို ရွေးချယ်ရာမှာလည်း ကွီးတို့ စိတ်ကြိုက် အမှတ်တံဆိပ်ကို သုံးနိုင်သော်လည်းပဲ အရည်အသွေးကောင်းတာကို ရွေးချယ်ခြင်းက ကွီးတို့ ကော့လ်တေးကို ပိုမို အရသာရှိစေမှာပါ။

ပါဝင်ပစ္စည်းတွေစုံလင်ပြီဆိုရင် Paradise ကော့လ်တေး ဖျော်စပ်ဖို့ အဆင့်သင့်ဖြစ်ပါပြီ။ ဖျော်စပ်ပုံကတော့

(၁) ပါဝင်ပစ္စည်းများကို တစ်နေရာတည်းတွင် စုလိုက်ပါ။

(၂) ထို့နောက် ကော့လ်တေး Shaker ထဲသို့ ဂျင်၊ ဘရန်ဒီနဲ့ လိမ္မော်ရည် များကို လောင်းထည့်လိုက်ပါ။

(၃) ပါဝင်ပစ္စည်းများ အကုန်လောင်းထည့်ပြီးနောက် ကော့လ်တေး Shaker အပြင်ဖက် အေးလာတဲ့ အထိ သေချာစွာလှုပ်ခါပေးပါ။

Photo : The Best Spanish Recipes

(၄) ရရှိလာသော ကော့လ်တေးများကို ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ပါ။ ပြီးလျှင် အဆင်သင့်ပြင်ထားတဲ့ လိမ္မော်သီး စိပ်လေးများနဲ့ အလှဆင်လိုက်ပါ။ (ကော့လ်တေးထည့်မဲ့ ဖန်ခွက်ကို အစောပိုင်းကတည်း ရေခဲသေတ္တာထဲတွင် အအေးခံထားပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကော့လ်တေးကို အချိန်ကြာကြာ အေးမြစေပြီး၊ ကော့လ်တေး ထဲရှိ ရေခဲများ အရည်ပျော်မှုကိုလည်း နှေး‌‌‌ကွေးစေပါတယ်။ ကော့လ်တေးရဲ့ အရသာကိုလည်း ထိန်းထားပေးနိုင်ပါတယ်။)

ဒါဆိုရင်တော့ ဂျင်နဲ့ ဘရန်ဒီ ပေါင်းစပ်ထားပြီး အရသာရှိတဲ့ Paradise ကော့လ်တေးတစ်ခွက် သုံးဆောင်လို့ ရပါပြီ။ ဒီကော့လ်တေးလေးကို ကွီးတို့အနေနဲ့ ညစာစားပြီးချိန် ချစ်ခင်ရသူတွေနဲ့ အတူတူ ဖျော်စပ် သုံးဆောင်လိုက်ပါ။

Source : The Spurce Eats

Featured Photo : The Nosey Chef