လူသားတွေရဲ့ဘဝမှာ သာယာပျော်ရွှင်ရတဲ့နေ့ရက်တွေရှိသလို ဝမ်းနည်းစိတ်ညစ်ရတဲ့ နေ့ရက်တွေလည်း ကြုံတွေ့ရနိုင်ပါတယ်။ နေ့ရက်တိုင်းကတော့ သာယာချိုမြိန်နေမှာမဟုတ်ပါဘူး။ ပျော်ရွှင်ရတဲ့နေ့ရက်တွေမှာလည်း အစွမ်းကုန်ပျော်ရွှင်ပြီး ခက်ခဲတဲ့နေ့ရက်တွေအတွက်လည်း ကြိုတင်အားမွေးထားဖို့ လိုအပ်ပါတယ်။

အောင်မြင်မှုဆီ တက်လှမ်းတဲ့အခါ ကြိုးစားအားထုတ်မှုများ လိုအပ်ပါတယ်။ စနစ်ကျတဲ့နည်းလမ်းတွေနဲ့ လမ်းပြမှု မရရှိဘဲ ကူထကိုယ်ထ တစ်ယောက်တည်း ကြိုးစားရတဲ့အခါ လမ်းမှန်ရောက်တဲ့အခါမျိုးလည်း ရှိနိုင်သလို ရွေးချယ်မှုမှားပြီး အရှုံးနဲ့ ရင်ဆိုင်ရတဲ့အခါမျိုးလည်း ရှိတတ်ပါတယ်။

ထိုကဲ့သို့ အရှုံးနဲ့ ရင်ဆိုင်ရတဲ့အခါ မိမိကိုယ်ကို ဘယ်လိုပြန်လည်တည်ဆောက်ယူရမလဲ။

ရှုံးနိမ့်မှုကြောင့် နာကျင်ရတဲ့ခံစားချက်ကို လက်ခံပါ

Photo Source: Thetotalentrepreneurs.com

ရှုံးနိမ့်မှုသည် နာကျင်ရတတ်ပါတယ်။ ထိုနာကျင်မှုကို ပျောက်ကွယ်သွားအောင် အတင်းလုပ်ယူခြင်းသည် ရေရှည်အတွက် မကောင်းပါဘူး။ ဒါ့ကြောင့် ထိုခံစားချက်ကို လက်ခံပါ။ နာကျင်မှုကို ကုစားဖို့အချိန်ယူပါ။ ဒါပေမဲ့ အချိန်အကြာကြီး ဝမ်းနည်းပူဆွေးနေလို့လည်း မရပါဘူး။ မိမိကိုယ်ကို အပြစ်မတင်မိဖို့လည်း လိုပါတယ်။

အခြားသူက ဘယ်လိုထင်မလဲဆိုတာကို ဂရုမစိုက်ပါနဲ့

Photo Source: Mybusiness.com

အခြားသူရဲ့အတွေးအမြင်ကို သင် ထိန်းချုပ်လို့မရပါဘူး။ သင် ကျရှုံးနေချိန်မှာ အခြားသူရဲ့ဝေဖန်ထိုးနှက်ချက်များကိုပါ ထည့်စဉ်းစားနေမယ်ဆိုရင် သင့်အတွက် တစ်ပူပေါ် နှစ်ပူဆင့် ဆိုသလို ပိုနာကျင်ရပါလိမ့်မယ်။

တာဝန်ယူတတ်ပါစေ

Photo Source: Entrepreneur.com

ကိုယ့်အမှားကြောင့် အရှုံးနဲ့ ရင်ဆိုင်ရတဲ့အခါ တစ်ဖက်မှာလည်း ကိုယ့်အမှားကြောင့် ထိခိုက်နစ်နာရတဲ့သူ၊ ဆုံးရှုံးရတဲ့သူ ရှိ မရှိ ပြန်လည်ဆန်းစစ်ပါ။ ထိုအခြေအနေမျိုးကိုတော့ စီးပွားရေးလုပ်ငန်းအကြီးကြီး လုပ်ကိုင်နေရသူတွေမှာ ကြုံတွေ့ရတတ်ပါတယ်။ မိမိအမှားအတွက် တစ်ဖက်လူက ထိခိုက်သွားရတဲ့အခါ တတ်နိုင်သလောက် တာဝန်ယူပေးဖို့လိုပါတယ်။

ရှုံးနိမ့်မှုကို လှေကားထစ်အဖြစ် အသုံးပြုပါ

Photo Source: Nature.com

ရှုံးနိမ့်မှုကို ရှုံးနိမ့်မှုလို့ မမှတ်ယူဘဲ အောင်မြင်မှုအတွက် တက်လှမ်းနိုင်မယ့် လှေကားထစ်အဖြစ် အသုံးပြုပါ။ ထိုအမှားကနေ သင်ခန်းစာယူပါ။ မိမိကိုယ်ကို ပိုတိုးတက်လာအောင် ကြိုးစားပါ။ နောက်တစ်ကြိမ်မှာ တူညီတဲ့အမှားမျိုး မကျူးလွန်မိအောင် ကြိုးစားရပါမယ်။ လဲကျနေရာမှ ပြန်ရုန်းထနိုင်ခြင်းသည် ၄၀ ရာခိုင်နှုန်းခန့် အောင်မြင်နေပြီပဲဖြစ်ပါတယ်။

Source: Skillsyouneed.com