HIV ကာကွယ်ဆေးလို့ အလွယ်သိကြတဲ့ PrEP ဆေးအကြောင်း ကွီးတို့ ကြားဖူးကြမယ် ထင်ပါတယ်။ Pre-Exposure Prophylaxis လို့ခေါ်တဲ့ PrEP ဆေးဟာ HIV ပိုးကူးစက်ခံရမှုကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ သောက်သုံးရတဲ့ ဆေးဝါးတစ်မျိုးဖြစ်ပြီး HIV ပိုးကူးစက်ခံရနိုင်ခြေ မြင့်မားတဲ့ လိင်လုပ်သားတွေနဲ့ လိင်ကိစ္စ တက်ကြွလှုပ်ရှားသူတွေအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကနေ ၂၀၁၂ ခုနှစ်မှာ စတင်ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ PrEP ဆေးဝါးဟာ HIV ပိုးကူးစက်ခံရမှုမရှိအောင် ထိန်းသိမ်းထားနိုင်ဖို့နဲ့ ကျန်းမာတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ အဓိက အကျိုးပြုပါတယ်။ ဒီဆောင်းပါးမှာတော့ PrEP ဆေးမသောက်ခင်မှာ ကွီးတို့သိထားသင့်တဲ့ PrEP ဆေးအကြောင်း သိကောင်းစရာတွေကို ပြောပြပေးပါမယ်။

(၁) PrEP ဆေးရဲ့ ထိရောက်မှု

Photo : NPS MedicineWise

PrEP ဆေးဟာ HIV ရောဂါပိုးကို ဘယ်လောက် အတိုင်းအတာအထိ ထိထိရောက်ရောက် ကာကွယ်မှုပေးနိုင်ပါသလဲ ? ဆေးဘက်ဆိုင်ရာ သုတေသီတွေ ထုတ်ပြန်တဲ့ စာတမ်းတွေအရတော့ PrEP ဆေးကို နည်းစနစ်မှန်မှန် သောက်သုံးမယ်ဆိုရင် ၉၀ ရာခိုင်နှုန်းနဲ့အထက် ရောဂါကူးစက်မှုကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

(၂) PrEP ကို ဘယ်လိုလူတွေ သောက်သင့်လဲ

Photo : Gwhrei

ယေဘုယျအားဖြင့် လိင်ကိစ္စ တက်ကြွလှုပ်ရှားသူတွေ ၊ လိင်လုပ်သားတွေအနေနဲ့ PrEP ကို ကြိုတင်ကာကွယ်မှုတစ်ခုအနေနဲ့ သောက်သုံးသင့်ပါတယ်။ ဒါ့အပြင် ကွီးတို့ က HIV ပိုး ကူးစက်ခံရနိုင်ခြေ မြင့်မားတဲ့ အခြေအနေမှာ ရှိနေတယ် ဥပမာအားဖြင့် HIV ပိုးရှိသူနဲ့ ပုံမှန် လိင်ဆက်ဆံဖြစ်တယ် ၊ အကာအကွယ်မပါဘဲ စအိုဖြင့် လိင်ဆက်ဆံဖူးတယ် ၊ လွန်ခဲ့တဲ့ ခြောက်လအတွင်းမှာ STD ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ် ၊ လိင်တူဆက်ဆံသူတစ်ယောက်ဖြစ်တယ် ၊ ပါတနာတစ်ဦးထက်ပိုပြီး ပုံမှန်လိင်ဆက်ဆံမှု လုပ်ဖြစ်တယ် ၊ လွန်ခဲ့တဲ့ ခြောက်လအတွင်း မူးယစ်ဆေးဝါး/ဆေးထိုးအပ်တွေကို အခြားသူတွေနဲ့အတူတကွ ဝေမျှသုံးစွဲဖူးတယ် စတဲ့ အချက်တွေနဲ့ ကိုက်ညီသူတွေဟာလည်း PrEP ဆေးကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ သောက်သင့်ပါတယ်။

(၃) PrEP မသောက်မီ HIV ရှိမရှိစစ်

Photo : Charles B. Wang Community Health Center

PrEP ဆေးဟာ HIV ပိုး ကူးစက်ခံထားရခြင်း မရှိတဲ့သူတွေ ကြိုတင်ကာကွယ်တဲ့အနေနဲ့ သောက်ရတဲ့ ဆေးပါ။ အကယ်၍ ကွီးတို့ ခန္ဓာကိုယ်မှာ HIV ပိုး ကူးစက်ခံထားရပြီးပြီ ဆိုရင်တော့ PrEP ဆေးကို မသောက်သင့်ပါဘူး။ ဒါကြောင့် PrEP မသောက်မီမှာ ကွီးတို့ဟာ HIV ပိုး ကူးစက်ခံထားရခြင်း မရှိကြောင်းကို သေချာစေဖို့အတွက် နားလည်တက်ကျွမ်းတဲ့ ဆရာဝန်ထံမှာ‌ အရင်ဆုံး သွေးစစ်ကြည့်ဖို့ လိုပါမယ်။

(၄) PrEP ရဲ့ ဘေးထွက်ဆိုးကျိုး

Photo : Malaysian AIDS Foundation

PrEP စသောက်တဲ့ ပထမဆုံး ရက်မှာ ဆေးရဲ့ Side Effects အနည်းငယ်ကိုတော့ ခံစားရနိုင်ပါတယ်။ ရက်အတိအကျပြောရရင် ဆေးသောက်ပြီး ပထမဆုံးရက်အနည်းငယ် သို့မဟုတ် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ အပျော့စား အစာအိမ်နဲ့ အူလမ်းကြောင်း ကမောက်ကမ ဖြစ်မှုပြဿနာ ကြုံရနိုင်ပါတယ်။ ရလဒ်အနေနဲ့တော့ ပျို့ခြင်း၊ အော့အန်ခြင်းနဲ့ဗိုက်အောင့်ခြင်းတို့လို ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ အကယ်၍ ရက်သတ္တပတ် ၂ ပတ်ထက်ကျော်ပြီး ရောဂါလက္ခဏာတွေ ဆက်လက်ကြုံတွေ့နေရသေးတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသဖို့ လိုပါတယ်။

Source : BuzzFeed News

Featured Photo : Novus ACS