၂၀၂၁ ခုနှစ်ဟာ ဆုံးရှုံးမှုတွေ များတဲ့တစ်နှစ်တာလို့ ပြောလို့ရပါတယ်။ ဒီနှစ်ထဲမှာ ဂီတလမ်းကြောင်းပေါ်က အောင်မြင်တဲ့ Rapper အဆိုတော် တော်တော်များများ ကွယ်လွန်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ Pop Smoke ၊ King Von တို့လို ဂီတပညာရှင်တွေ အများအပြား ကြွေလွင့်ခဲ့ကြသလို ယခုနှစ်မှာလည်း ဟစ်ဟော့ဂီတလောကအတွက် ဆုံးရှုံးမှုတွေ များခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ၂၀၂၁ ခုနှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ နာမည်ကြီး Rapper တွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) DMX

Photo : Page Six

ထူးခြားတဲ့အသံ ၊ မြူးကြွတဲ့တေးသီချင်းတွေနဲ့ နာမည်ကြီးတဲ့ အမေရိကန် ရက်ပ်ပါ DMX ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ 90s နှောင်းပိုင်းနဲ့ 2000 ခုနှစ်အစောပိုင်းမှာ “Party Up” / “Get at Me Dog” ကဲ့သို့ တေးသီချင်းတွေနဲ့ ပရိသတ်တွေကြား ရေပန်းစားခဲ့သူတစ်ဦးဖြစ်ပါတယ်။ DMX ဟာ ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

(၂) 18veno

Photo : Extra Chill

အသက် ၁၉ နှစ်သာရှိသေးတဲ့ South Carolina မှ ရက်ပ်ပါ 18veno ကတော့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာပဲ သေနတ်နဲ့လုပ်ကြံ ပစ်သတ်ခံခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်။ 18veno ဟာ 2020 R4z EP နဲ့ Pablo လို့အမည်ရတဲ့ သူ့ရဲ့ ပွဲဦးထွက် အယ်လ်ဘမ် ထွက်ရှိပြီးနောက် ပရိသတ်တွေကြားအောင်မြင်မှု အတော်အတန်ရရှိနေချိန်မှာပဲ အခုလို ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သတ်ပြီးတော့ အသေးစိတ်ထုတ်ပြန်ကြေညာတာမျိုးမရှိသေးပါဘူး။

(၃) Chucky Trill

Photo : Billboard

၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ လူငယ်ပရိသတ်တွေကြား အရမ်းကို ရေပန်းစားခဲ့တဲ့ Streets Don’t Love A Soul သီချင်းရဲ့ ပဲ့ကိုင်ရှင် ရက်ပ်ပါ Chucky Trill ကတော့ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က သေဆုံးခဲ့တာဖြစ်ပါတယ်။ NME ရဲ့အဆိုအရတော့ အသက် ၃၃ နှစ်အရွယ် Chucky Trill ဟာ All-Star Weekend အတ္တလန်တာကို သွားရောက်ချိန် အဝေးပြေးလမ်းမကြီးပေါ်မှာ ပစ်သတ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

(၄) Baby CEO

Photo : New York Post

Baby CEO ဆိုတာကတော့ သေနတ်နဲ့ ပိုက်ဆံတွေအကြောင်း အငြင်းပွားဖွယ်သီဆိုထားတဲ့ သီချင်း ၁၃ ပုဒ်နဲ့ အောင်မြင်ကျော်ကြားလာတဲ့ ရက်ပ်ပါတစ်ဦးဖြစ်ပါတယ်။ သူဟာ ကွယ်လွန်သွားခဲ့ပြီးဖြစ်တဲ့အမေရိကန် နာမည်ကြီး ရက်ပ်ပါ Fredo Santana ရဲ့ လေ့ကျင့်သင်ကြားမှုအောင်မှာ အတော်လေးကို စကေးကြမ်းလာ လူငယ်လက်သစ်ရက်ပ်ပါတစ်ဦးပဲ ဖြစ်ပါတယ်။ သို့သော် ၂၀၂၁ ခုနှစ် ဇန်နဝါရီလက Frayser မှာသေနတ်ပစ်ခံရပြီး အခင်းဖြစ်ပွားရာနေရာပဲတင် သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ သေဆုံးချိန်မှာတော့အသက် ၂၀ အရွယ်သာရှိပါသေးတယ်။

(၅) Lil Loaded

Photo : XXL Mag

လူငယ်တက်သစ်စ ရက်ပ်ပါ Lil Loaded ကတော့ ၂၀၁၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ 6locc 6a6y သီချင်းနဲ့ ပရိသတ်တွေသတိထားမိလာခဲ့ပြီး ဒီသီချင်းဟာ YouTube ပေါ်မှာကြည့်ရှုသူ ၂၅ သန်းကျော်အထိရရှိခဲ့ပါတယ်။ အသက် ၂၀ အရွယ် Lil Loaded ဟာဆိုရင် အောင်မြင်စပြုချိန်မှာပဲ ၂၀၂၁ ခုနှစ် မေလမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး သေဆုံးသွားခဲ့တာဖြစ်ကြောင်း သူနဲ့ နီးစပ်ရာ ဂီတအသိုင်းအဝိုင်းက အတည်ပြုပေးခဲ့ပါတယ်။

Featured Photo : Complex