နာရီတစ်လုံးကို ကန် ဒေါ်လာ ၇.၃၃ သန်း ပေးဝယ်တဲ့သူ ရှိတယ်ဆိုတာ မယုံနိုင်စရာပါပဲ။ ဒီလောက် ငွေဟာ မီလျံနာစာရင်းဝင်အောင် လူတစ်ယောက်အနေနဲ့ သေလုမတတ်ရှာရမယ့်ငွေလည်း ဖြစ်ပါတယ်။ လက်ရှိ မြန်မာငွေ ပေါက်ဈေးနဲ့ဆို ဘယ်လိုတွက်တွက် အနည်းဆုံး ကျပ်ငွေ သန်း ၁၂၀၀၀ ကျော် ဈေးပါပဲ။ ဒါကြောင့်ပဲ Philippe Dufour နာရီဟာ ရောင်းချခဲ့သမျှ ဈေးအကြီးဆုံးနာရီတစ်လုံးအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

Photo: Hypebeast

Philippe Dufour ကို ပြီးခဲ့တဲ့တနင်္လာနေ့မှာပဲ A Collected Man ဝက်ဘ်ဆိုက်ကနေ လေလံတင်ရောင်းချခဲ့တာပါ။ လန်ဒန်မှာ လုပ်တဲ့ ဒီလေလံမှာ Philippe Dufour Grande et Petite Sonnerie 3 ကို ကန်ဒေါ်လာ ၇.၃၃ သန်း (ဩစတြေးလျဒေါ်လာ ၁၀ သန်း) နဲ့ ရောင်းချခဲ့တာပါ။ လေလံမှာ ဒီနာရီဟာ နာရီကုမ္ပဏီအုပ်စုကြီးတွေနဲ့ မသက်ဆိုင်တဲ့ ဈေးအကြီးဆုံး နာရီဖြစ်တယ်လို့လည်း ကြေညာခဲ့ပါတယ်။

ဒီနာရီကို ဖန်တီးတဲ့ ဖီးလစ်ပ်ဒူးဖိုးဆိုတဲ့ ဆွစ်နာရီဗိသုကာကြီးကို ခေတ်သစ် နာရီထုတ်လုပ်မှုသမိုင်းမှာ အကြီးကျယ်ဆုံး မာစတာကြီးအဖြစ် သတ်မှတ်ထားပါတယ်။ သူ့ရဲ့ နာရီတွေဟာ အကောင်းတကာ့အကောင်းဆုံးဆိုတဲ့ စာရင်းဝင်ပါတယ်။ နာရီတိုင်းကိုလည်း သူကိုယ်တိုင် လက်နဲ့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၈ ဖွား အသက် ၇၃ နှစ်အရွယ် ဒီ Watchmaker ဆရာကြီးရဲ့ ဒီနာရီဟာ အရှားပါးဆုံးစာရင်းဝင်နေပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံး နာရီ ၁၀ လုံးမှာ ဒီနာရီကို ထည့်ပြောပါတယ်။ ဒူးဖိုးရဲ့ လက်ရာဟာ အခုချိန်မှာ ဒါမျိုး ၈ လုံးပဲ ကျန်တော့တာ ဖြစ်ပြီး ၁၉၉၅ ခုနှစ်က ဘရူနိုင်းရဲ့ ဆူလ်တန်ဘုရင်အတွက် ဖန်တီးပေးခဲ့တာပါ။ ဒီနာရီကို လူမြင်ကွင်းမှာ ပြသခဲ့တာ ပြီးခဲ့တဲ့ ၁၀ နှစ်နီးပါးက နောက်ဆုံးပါပဲ။ ဒီနာရီကို လိုချင်လို့ နောက်က တကောက်ကောက်လိုက်နေကြတဲ့ နာရီအိုးတွေလည်း အများကြီး ရှိပါတယ်။

Photo: highsnobiety

ဒူးဖိုးဟာ ဒီလိုနာရီ ၄ လုံးကိုဘရူနိုင်း ဆူလ်တန်ဘုရင်အတွက် ဖန်တီးခဲ့ပြီး ပထမဆုံးတစ်ခုအတွက် နှစ်နှစ်ခွဲ အချိန်ယူခဲ့ရပြီး အခု နံပါတ်သုံးနာရီအတွက် ၉ လကြာ အချိန်ယူဖန်တီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ နားရက်မယူဘဲ ဒီနာရီကို သေချာအာရုံစိုက် ဖန်တီးခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ကလည်း Philippe Dufour Simplicity နာရီဟာ လေလံရုံမှာ စင်ကာပူဒေါ်လာ ၁.၅ သန်းဈေးနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

Featured Photo: HypeBeast