Second Hand လို့ခေါ်တဲ့ တစ်ပတ်ရစ်ပစ္စည်းတွေ ပြန်လည်ရောင်းချတဲ့ ဈေးကွက်က အတော်လေး ကြီးထွားလာနေတယ်လို့ ဆိုရမှာပါပဲ။ တစ်ပတ်ရစ်ပစ္စည်းတွေဟာ အဓိကအားဖြင့် ဈေးနှုန်းချိုသာမှုရှိတဲ့အတွက် ဝယ်ယူသူတွေကို အဓိကသွေးဆောင်နေတာ ဖြစ်ပါတယ်။

အဝတ်အထည်တွေ လူသုံးကုန်ပစ္စည်းတွေအပြင် နည်းပညာပစ္စည်းတွေကိုလည်း Second Hand ဈေးကွက်ထဲမှာ စိတ်ကြိုက်ဝယ်ယူလို့ ရနေပါတယ်။ သို့သော် Second Hand စမတ်ဖုန်းတွေဟာ လုံးဝမဝယ်သင့်တဲ့ ပစ္စည်းတွေထဲမှာ ပါပါတယ်။ ဈေးနှုန်းချိုသာမှုတစ်ခုတည်းကို ကြည့်ပြီး ဝယ်မယ်ဆိုရင် အခုပြောပြမယ့် ခေါင်းကိုက်စရာအခြေအနေတွေနဲ့ ကြုံတွေ့လာ ရနိုင်ပါတယ်။

(၁) ခိုးရာပါ ဖုန်းတစ်လုံး ဖြစ်နိုင်တယ်

Photo : Smart Cities World

Second ဈေးကွက်ထဲက ဖုန်းတွေအားလုံးဟာ ခိုးရာပါဖုန်းတွေလို့ သိမ်းကြုံးသတ်မှတ်လို့မရပေမယ့် ဈေးကွက်ထဲမှာရောင်းချနေတဲ့ ဖုန်းတွေထဲမှာ ခိုးရာပါအလုံးတွေ များစွာရှိနေတယ်ဆိုတာတော့ သေချာပါတယ်။ ခိုးရာပါ ဖုန်းတစ်လုံးကို ဝယ်မိရင် နောက်ပိုင်းဖြစ်လာနိုင်တဲ့ ပြဿနာတွေအများကြီးရှိတယ်ဆိုတာ စဉ်းစားကြည့်ရုံနဲ့ သိနိုင်ပါတယ်။

(၂) နောက်ဆုံးပေါ် နည်းပညာတွေကို လက်လွှတ်ရမယ်

Photo : PhoneArena

ဒီနေ့ခေတ် နည်းပညာတွေဟာ အရှိန်ဟုန်ကောင်းကောင်းနဲ့ကို တိုးတက်ပြောင်းလဲနေတာ ဖြစ်ပါတယ်။ လပိုင်းအတွင်းမှာတင် မတူညီတဲ့ features အသစ်တွေ ၊ Update အသစ်တွေ အမြဲ ထပ်ထပ်ထွက်နေတာပါ။ ကိုယ်ဝယ်လိုက်တဲ့ Second Hand ဖုန်းတစ်လုံးက မော်ဒယ်နိမ့်နေမယ်ဆိုရင် နောက်ထပ်အသစ်ထွက်လာတဲ့ နည်းပညာအသစ်တွေ ၊ လုပ်ဆောင်ချက်အသစ်တွေနဲ့ သုံးလို့မရတော့တာမျိုးဖြစ်တက်ပြီး နောက် ဆုံးပေါ် နည်းပညာအသစ်တွေကို လက်လွှတ်ဆုံးရနိုင်ပါတယ်။

(၃) ဈေးသက်သာလေ အန္တရာယ်များလေပါ

Photo : Tom’s Guide

Second Hand ဖုန်းတစ်လုံးက ပုံမှန်ဆိုင်ပေါ်တင်ရောင်းတဲ့ အလုံးတွေနဲ့ ဈေးကွာပေမယ့် ပိုပြီးဈေးချိုနေလေ သတိပိုထားဖို့ လိုလေပဲ ဖြစ်ပါတယ်။ တချို့အရောင်းအဝယ်လုပ်သူတွေဟာ error ပါတဲ့ အလုံးတွေကို ပေါ်တင်ပြောရောင်းလေ့ရှိပေမယ့် တချို့ဂျင်းဝယ်ရောင်းသမားတွေက မျက်လုံးနဲ့ မမြင်နိုင်တဲ့ ဘက်ထရီမကောင်းတဲ့ အလုံးတွေ ၊ အတွင်းပိုင်း hardware ချို့ယွင်းနေတဲ့ အလုံးတွေကို ဈေးသက်သက်သာသာနဲ့ ဂျင်းထည့်တက်ကြတာမို့ တက်ကျွမ်းနာလည်သူတွေနဲ့ စစ်နိုင်ရင်စစ် ၊ မဟုတ်ရင်တော့ မဝယ်ဖို့ပဲ အကြံပေးပါရစေ။

(၄) အာမခံချက်မရှိဘူး

Photo : PCMag UK

Second Hand ဖုန်းတွေဟာ ပြောရရင် အာမခံချက်အပြည့်အဝမရှိတဲ့အတွက် ယုံကြည်စိတ်ချလို့ မရနိုင်ပါဘူး။ ကိုယ်ပြန်မဝယ်ခင် အရှေ့က လူရဲ့ လက်ထဲမှာ ဘယ်လောက်ကြာအောင်သုံးထားပြီးပြီလဲ ၊ error တွေ ဘာတွေရှိနေလဲ ၊ ဖုန်းရဲ့ performance ပိုင်းဘယ်လောက်ထိကျနေပြီလဲ ၊ ဘက်ထရီသက်တမ်း ဘယ်လောက်ပဲကျန်တော့လဲ ၊ ခိုးရာပါဖုန်းလား ၊ ကင်မရာ ၊ ဘက်ထရီတွေ ဖြုတ်လဲထားဖူးလား စသည်ဖြင့် ဘာမှအာမခံချက်မရှိပါဘူး။ ဒါကြောင့် မဖြစ်မနေ ဝယ်ယူမယ်ဆိုရင် လိုင်းပေါ်က ၊ လမ်းဘေးကထက် ကိုယ့်အချင်းချင်းဖြစ်စေ ၊ တကယ်ယုံကြည်စိတ်ချရတဲ့ Second Hand အရောင်းဆိုင်တွေကဖြစ်စေ ဝယ်ယူဖို့ တိုက်တွန်းချင်ပါတယ်။

Featured Photo : Ladoveteck