ကွီးတို့အနေနဲ့ အောင်မြင်မှုဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုထားပါသလဲ။

အောင်မြင်မှုလို့ ပြောလိုက်တာနဲ့ ဘဏ်အကောင့်ထဲမှာ ပိုက်ဆံတွေ မီလီယံနဲ့ ချီပြီးရှိတာမျိုး၊ သမိုင်းနဲ့ချီပြီး လူသိများကျော်ကြားတာမျိုး (သို့) နိုင်ငံခေါင်းဆောင်အဖြစ် သတ်မှတ်ခံရတာမျိုး စတာတွေကို အောင်မြင်မှုလို့ ထင်မှတ်ကြပါတယ်။

တကယ့်တကယ် အောင်မြင်နေတဲ့သူတွေကို အောင်မြင်မှုကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုကြလဲလို့ မေးကြည့်တဲ့အခါ ကျွန်တော်တို့ ထင်ထားတာနဲ့ တခြားစီဖြစ်နေတာကို တွေ့ရပါတယ်။

သူတို့တွေ အောင်မြင်မှုကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုသလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

Richard Branson

Photo: CNBC

Richard Branson ဆိုတာကတော့ အင်္ဂလိပ်လူမျိုး စွန့်ဦးစီးပွားရေး လုပ်ငန်းရှင်ဖြစ်ပါတယ်။ သူ့မှာ ကုမ္ပဏီပေါင်း ၄၀၀ ကျော်ခန့် ပိုင်ဆိုင်ထားပါတယ်။ သူသည် ဆယ်ကျော်သက်အရွယ်ကတည်းက စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့တာပါ။

သူ့မှာ Dyslexia လို့ခေါ်တဲ့ စာလုံးများကို မှတ်မိနိုင်တဲ့စွမ်းမရှိတဲ့ ရောဂါရှိတာကြောင့် စာဖတ်ဖို့အခက်အခဲရှိခဲ့ပြီး အသက် ၁၆ နှစ်အရွယ်မှာ ကျောင်းထွက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုဆိုရင်တော့ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပါပြီ။ သူ့ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ပျော်ရွှင်တဲ့သူသည် အောင်မြင်တဲ့သူလို့ အဓိပ္ပာယ်ဖွင့်ဆိုတာဖြစ်ပါတယ်။

Barack Obama

အမေရိကန်ပြည်ထောင်စုရဲ့ ၄၄ ဆက်မြောက် သမ္မတတစ်ဦးဖြစ်သူ Barack Obama သည် အောင်မြင်မှုဆိုတာ ကိုယ့်ဆီမှာ ပိုက်ဆံဘယ်လောက်ရှိသလဲဆိုတဲ့အချက်တွေအပေါ် မမူတည်ဘူးလို့ ဆိုပါတယ်။ ကိုယ့်ကြောင့် အခြားလူသားတွေရဲ့ ဘဝ ဘယ်လောက်ပြောင်းလဲသွားသလဲ။ တိုးတက်သွားသလဲဆိုတာကို အောင်မြင်မှုလို့ ယူဆတယ်လို့ ပြောကြားထားပါတယ်။

Bill Gates

၁၉၉၅ ခုနှစ်က စတင်ပြီး Bill Gates သည် ကမ္ဘာ့အချမ်းသာဆုံးစာရင်း ဝင်ခဲ့ပါတယ်။ သူကတော့ အောင်မြင်မှုဆိုတာ တစ်စုံတစ်ရာထံတွင် ရင်းနှီးမြှုပ်နှံထားခြင်း၊ ကလေးငယ်များအား ပြုစုပျိုးထောင်ခြင်း (သို့) အကူအညီလိုအပ်နေသူများထံ ကူညီပေးနိုင်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

Warren Buffett

Warren Buffett ကတော့ ထူးခြားပါတယ်။ သူက အောင်မြင်မှုဆိုတာ ကိုယ့်အပေါ် လူဘယ်နှယောက်ချစ်သလဲဆိုတဲ့အချက်အပေါ် တိုင်းတာတယ်လို့ ပြောကြားထားပါတယ်။

Mark Cuban

Photo: inc.magazine

Mark Cuban သည် အမေရိကန်စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။ သူကတော့ မနက်ခင်းလေးမှာ အပြုံးပန်းလေးနဲ့ လန်းဆန်းတက်ကြွစွာ နိုးထလာပြီး သာယာတဲ့နေ့ရက်တစ်ရက်ကို ဖြတ်သန်းရမယ်ဆိုတာကို သိရှိခြင်းသည် အောင်မြင်မှုတစ်ခုပဲလို့ အင်တာဗျူးတစ်ခုမှာ ဖြေကြားထားပါတယ်။

Winston Churchill

ဗြိတိသျှဝန်ကြီးချုပ်တစ်ဦးဖြစ်တဲ့ Winston Churchill ဟာဆိုရင် အရှုံးနဲ့ ကြိမ်ဖန်များစွာ ကြံတွေ့ရပေမယ့်လည်း စိတ်အားထက်သန်မှု ပျောက်ဆုံးမသွားခြင်းကို အောင်မြင်မှုလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

ကွီးတို့ရော အောင်မြင်မှုဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုချင်ပါသလဲ။

Source: Globalexperiences.com

Featured Image: Sogoodlanguages