အားကစားလောကဆိုတာ ဒေါ်လာဘီလျံပေါင်းများစွာ စီးဆင်းနေတဲ့စီးပွားရေးဆိုလည်း မမှားပါဘူး။ အားကစားသမားတွေရဲ့ လုပ်ခလစာဆိုရင်လည်း ဒေါ်လာသန်းနဲ့ချီ ရှိသလို အားကစားနဲ့ ချမ်းသာတဲ့လူတွေ အများကြီး ရှိပါတယ်။ အခုပြောမှာက တစ်ကမ္ဘာလုံးအတိုင်းအတာအရ အားကစားနဲ့ချမ်းသာကြသူတွေထဲက အချမ်းသာဆုံး ၅ ဦးအကြောင်းပါပဲ။

(၁) ဗင်းဆင့် မက်စ်မဟွန်း

Photo: Kayfabe News

အသက် ၇၅ နှစ်အရွယ် မက်စ်မဟွန်းကို ကမ္ဘာ့အကြီးဆုံးပရော်ဖက်ရှင်နယ် နပန်းအဖွဲ့အစည်း World Wrestling Entertainment (WWE) တည်‌ထောင်သူနဲ့ ဥက္ကဌအဖြစ် လူသိများပါတယ်။ WWE ကုမ္ပဏီရှယ်ယာ ၄၂% ကို သူပဲ ထိန်းချုပ်ထားတာပါ။ ၂၀၂၀ မှာ WWE ကုမ္ပဏီရဲ့တန်ဖိုးဟာ ခန့်မှန်းခြေ ဒေါ်လာ ၅.၇၁ ဘီလျံအထိ ရှိပါတယ်။ အမေရိကန်ပရော်ဖက်ရှင်နယ် နပန်းမြှင့်တင်ရေးသမားလည်း ဖြစ် ၊ စီးပွားရေးသမား ၊ စွန့်ဦးတီထွင်သူနဲ့ မီဒီယာသူဌေးလည်း ဖြစ်တဲ့သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၂.၂ ဘီလျံအထိ ရှိပါတယ်။

(၂) မိုက်ကယ်ဂျော်ဒန်

Photo: Pippen Aint Easy

ဂန္ဓဝင်ဘက်စကတ်ဘောအကျော်အမော် မိုက်ကယ်ဂျော်ဒန်ကို MJ လို့လည်း ခေါ်ကြပါတယ်။ Charlotte Hornets of The National Basketball Association နဲ့ NASCAR Cup စီးရီးက 23XI Racing ရဲ့ ဥက္ကဌနဲ့ ပိုင်ရှင်လည်း ဖြစ်ပါတယ်။ အသက် ၅၈ နှစ်အရွယ် မိုက်ကယ်ဂျော်ဒန်ဟာ အားကစားသမားတွေထဲမှာ ရှားရှားပါးပါး တစ်ဦးတည်းသော ဘီလျံနာလည်း ဖြစ်ပါတယ်။

NBA မှာ ကစားချိန်က လစာ စုစုပေါင်း ဒေါ်လာ ၉၃.၇ သန်း ရှာနိုင်ခဲ့ပါတယ်။ အားကစားသမားတွေထဲမှာ တစ်နှစ်လုပ်ခ ဒေါ်လာသန်း ၃၀ ကျော် ရတဲ့ ပထမဆုံး အားကစားသမားလည်း ဖြစ်ပါတယ်။ အားကစားသမားဘဝက နားပြီးနောက်မှာလည်း Nike နဲ့ ပေါင်းပြီး နာမည်ကျော် Air Jordan Sneakers တွေ ထုတ်ပါတယ်။ ၂၀၁၉ မှာ Nike နဲ့ စာချုပ်ကနေ ဒေါ်လာ ၃.၁၄ ဘီလျံ ရခဲ့တယ်လို့ ဆိုပါတယ်။ Forbes ရဲ့ အဆိုအရ Nike ဟာ၂၀၀၂ နဲ့ ၂၀၁၂ အတွင်း ဖိနပ်မူပိုင်ကြေးအနေနဲ့ မိုက်ကယ်ဂျော်ဒန်ကို ဒေါ်လာသန်း ၄၈၀ ပေးခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁.၆ ဘီလျံ ရှိတယ်လို့လည်း ဆိုပါတယ်။

(၃) တိုက်ဂါးဝုဒ်

Photo: The Richest

ကမ္ဘာကျော် ဂေါက်ရိုက်သမား တိုက်ဂါးဝုဒ်ကလည်း ခေတ်အဆက်ဆက် အကြီးကျယ်ဆုံး အားကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားပါတယ်။ ၁၉၉၆ ခုနှစ်မှာ ပရော်ဖက်ရှင်နယ်အဖြစ် စပြီး ကစားခဲ့ရာကနေ အားကစားသမားဘဝတစ်လျှောက် ဒေါ်လာ ၁.၇ ဘီလျံအထိ ရခဲ့တယ်လို့ ဆိုပါတယ်။ အားကစားသမားဘဝနဲ့ ဒေါ်လာဘီလျံကျော် ရှာနိုင်ခဲ့တဲ့ ပထမဆုံးအားကစားသမားလည်း ဖြစ်ပါတယ်။ ဂေါက်ရိုက်သမားတွေထဲမှာ လစာအမြင့်ဆုံးဖြစ်သလို အားကစားဝတ်စုံကုမ္ပဏီတွေနဲ့ စာချုပ်တွေ ၊ကြော်ငြာနဲ့ ဝတ်စုံကြေးတွေကနေ ဒေါ်လာသန်းရာပေါင်းများစွာ ရှာနိုင်ခဲ့တာပါ။ စတန်းဖို့ဒ်ကျောင်းထွက်တစ်ဦးလည်း ဖြစ်တဲ့ တိုက်ဂါးဝုဒ်ဟာ လက်ရှိမှာ အသားတင်ဒေါ်လာသန်း ၈၀၀ ချမ်းသာတယ်လို့ ဆိုပါတယ်။

(၄) ဒေးဗစ်ဘက်ခ်ဟမ်း

Photo: The Richest

ဗြိတိန်ဘောလုံးသမား ဒေးဗစ်ဘက်ခ်ဟမ်းဟာ လက်ရှိအချိန်မှာ ဒေါ်လာ သန်း ၆၇၀ ချမ်းသာပြီး အားကစားသမားတွေထဲမှာ အချမ်းသာဆုံး ၅ ဦးစာရင်းဝင်သူ ဖြစ်ပါတယ်။ အသက် ၄၅ နှစ် ရှိပြီဖြစ်တဲ့ ဘက်ခ်ဟမ်းဟာ အသက် ၂၁ နှစ်အရွယ် ၁၉၉၆ မှာ အမျိုးသားအသင်းမှာ ကစားခဲ့ပြီး ၁၁၅ ပွဲကစား ၊ ၁၇ ဂိုး သွင်းခဲ့ပါတယ်။ ဘက်ခ်ဟမ်းဟာ ၁၉၉၈ ၊ ၂၀၀၂ နဲ့ ၂၀၀၆ ကမ္ဘာ့ဖလားသုံးကြိမ် ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။

ကလပ်အသင်းကစားသမားဘဝမှာ ကမ္ဘာကျော်အသင်းကြီးတွေ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် ၊ ရီးရဲလ်မက်ဒရစ် ၊ အေစီမီလန် နဲ့ ပီအက်စ်ဂျီတို့မှာ ၇၁၈ ပွဲကစား ၂၂၃ ဂိုး သွင်းယူခဲ့ပါတယ်။ Forbes ရဲ့ လစာအမြင့်ဆုံး ထိပ်တန်းအားကစားသမား ၁၀ ဦးစာရင်းဝင်တဲ့ ဘက်ဟမ်းဟာ ၂၀၀၇ ခုနှစ် (ဒေါ်လာ ၃၃ သန်း) ၊ ၂၀၀၈ ခုနှစ် (သန်း ၅၀) ၊ ၂၀၀၉ ခုနှစ် (ဒေါ်လာ ၄၂ သန်း) ၊ ၂၀၁၀ ခုနှစ် (ဒေါ်လာ၄၃.၇ သန်း) ၊ ၂၀၁၁ ခုနှစ် (ဒေါ်လာ ၄၆ သန်း) ၊ ၂၀၁၂ ခုနှစ် (ဒေါ်လာ ၅၀.၆ သန်း) နဲ့ ၂၀၁၃ ခုနှစ် (ဒေါ်လာ ၄၇.၂သန်း) အထိ ရခဲ့တယ်လို့ ဆိုပါတယ်။

အားကစားသမားလောကကနေ အနားယူချိန်မှာ သမိုင်းတစ်လျှောက် လစာအမြင့်ဆုံး ၇ ဦးမြောက် ဖြစ်ပြီး ၂၀၁၇ ဒီဇင်ဘာအထိ ဒေါ်လာသန်း ၈၀၀ အထိ ဝင်ခဲ့တာပါ။

(၅) မက်ဂျစ် ဂျွန်ဆင်

Photo: Sports Illustrated

ဘက်စကတ်ဘောကစားသမားဟောင်း မက်ဂျစ် ဂျွန်ဆင်ဟာ အားကစားသမားဘဝကနေ နားပြီးနောက် စားသောက်ဆိုင်လုပ်ငန်း နဲ့ တခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေ လုပ်နေသူ ဖြစ်ပါတယ်။ အားကစားသမားဘဝကုန်ဆုံးချိန်မှာ အသားတင် ဒေါ်လာသန်း ၄၀ ပိုင်တာကို အရင်းအနှီးလုပ်ပြီး ချမ်းသာလာတာပါ။ သူတည်ထောင်ခဲ့တဲ့ Magic Johnson Enterprises ဟာ ဒေါ်လာ ၁ ဘီလျံကျော် တန်ပါတယ်။

Magic Johnson Enterprises အောက်မှာ Magic Johnson Theaters ၊ ရုပ်ရှင်စတူဒီယို ၊ ရှောပင်းစင်တာနဲ့ ပရိုမိုးရှင်းလုပ်ငန်းတွေ ရှိပါတယ်။ Starbucks ဆိုင်နေရာ ၁၂၅ နေရာနဲ့ Burger King လုပ်ငန်းခွဲ ၃၁ ခုလည်း ပိုင်ပါတယ်။ ၂၀၁၀ မှာ သူ့ပိုင် Starbucks လုပ်ငန်းတွေကို ဒေါ်လာသန် ၁၀၀ နဲ့ ရောင်းချခဲ့ပါတယ်။ ၁၉၉၁-၉၂ NBA Season မတိုင်ခင် ဆေးစစ်ချိန်မှာ ဂျွန်ဆင်ဟာ HIV ပိုးတွေ့ရှိခဲ့ပါတယ်။ နှစ်ပေါင်း ၃၀ နီးပါး HIV နဲ့ ယှဉ်တွဲနေထိုင်ရတဲ့ ဂျွန်ဆင်ဟာ လက်ရှိမှာ ဒေါ်လာသန်း ၆၀၀ ချမ်းသာတဲ့ ကမ္ဘာ့ပဉ္စမမြောက်အချမ်းသာဆုံးအဖြစ် ရပ်တည်နေပါတယ်။

Featured Photo: Freeyor