ဝိုင်နဲ့ ပြုလုပ်ထားတဲ့ ကော့တေးတစ်ခွက်ကို မိမိကိုယ်တိုင် အိမ်မှာ ဖျော်စပ်ကာာ အရသာရှိရှိ သောက်သုံးချင်ပါသလား။ ဒါဆိုရင်တော့ Rosé Wine နဲ့ စတော်ဘယ်ရီသီးတို့ကို အဓိကထားကာ ဖော်စပ်ထားတဲ့ စတော်ဘယ်ရီ ကော့တေး ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများကလည်း အလွယ်တကူရှာဖွေ ဝယ်ယူနိုင်တဲ့အပြင် ပြုလုပ်နည်းကလည်း ရိုးရှင်းတဲ့အတွက်ကြောင့် Rosé Wine ကော့တေးချစ်သူ ကွီးတို့အားလုံး အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်မိပါတယ်။

ပါဝင်ပစ္စည်းများ

  • Dry Rosé Wine ဖန်ခွက် ၁ ခွက်ခွဲစာ (၃၇၅ မီလီလီတာ)
  • ရေခဲထားသော စတော်ဘယ်ရီသီးများ ဖန်ခွက် ၂ ခွက်စာ
  • ရေခဲတုံး အနည်းငယ်
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • အလှဆင်ရန်အတွက် စတော်ဘယ်ရီသီး အနည်းငယ်

စသည်တို့ လိုအပ်ပါလိမ့်မယ်။

အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ပြုလုပ်နည်း အဆင့်ဆင့်ကို ဆက်လေ့လာကြည့်လိုက်ရအောင်။

အဆင့် (၁) ရေခဲထားသော စတော်ဘယ်ရီသီးများကို ထက်ခြမ်း ခြမ်းထားပါ။

အဆင့် (၂) သစ်သီးဖျော်စက်ထဲတွင် ဝိုင်၊ စတော်ဘယ်ရီသီးများ၊ ရေခဲတုံးများ၊ သကြားနှင့် သံပုယိုရည်တို့ထည့်လိုက်ပါ။

အဆင့် (၃) အတုံးအခဲများ မကျန်တော့သည်အထိ ဖျော်စက်ဖြင့် မွှေပေးလိုက်ပါ။ ဖျော်ရည်က အရမ်းပျစ်သွားတယ်ဆိုရင် ဝိုင်အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

အရသာ မြည်းစမ်းကြည့်ကာ သကြား (သို့) သံပုယိုရည်များ လိုအပ်ပါက ထပ်ထည့်နိုင်ပါတယ်။

အဆင့် (၄) ရရှိလာတဲ့ Rosé Wine စတော်ဘယ်ရီ ကော့တေးဖျော်ရည်ကို ကော့တေးဖန်ခွက်ထဲ ထည့်လိုက်ပါ။ ထို့နောက် စတော်ဘယ်ရီသီးများဖြင့် အလှဆင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာစူးရှယစ်မူးသွားစေမယ့် Rosé Wine ဖြင့် ပြုလုပ်ထားတဲ့ စတော်ဘယ်ရီ ကော့တေး တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

ဒီကော့တေးဖျော်ရည်လေးကို အချိန်အကြာကြီး အထားခံချင်တယ်ဆိုရင်တော့ ဖျော်ရည်အနှစ်များကို ရေခဲသွားသည်အထိ အအေးခံကာ သောက်ခါနီးကျမှ အရည်ပျော်သွားအောင် ပြုလုပ်လို့ရပါတယ်။ ဒါမှမဟုတ် ဖျော်စက်ထဲထည့်ကာ မြန်မြန်အရည်ပျော်သွားအောင် ဖန်တီးနိုင်ပါတယ်။

Source: Thespruceeats

Featured Image: Parade