ဆံပင်ပုံစံကောင်းဆိုတာ မျက်နှာနဲ့လိုက်ဖက်အောင် ညှပ်တာကို ပြောတာပါ။ မျက်နှာပုံစံအချိုးကို မကြည့်ဘဲ ဆံပင်ပုံစံရွေးလိုက်မယ်ဆိုရင် ကိုယ်မကြိုက်တဲ့ Hairstyle ပဲ ထွက်လာပါလိမ့်မယ်။

ဒီတော့ ဆံပင်ပုံစံကောင်းကောင်း လိုချင်ရင် အရင်ဆုံး ကိုယ့်မျက်နှာရဲ့ ပုံစံအကျကို နားလည်ဖို့ လိုပါတယ်။ အခုတစ်ခေါက်မှာ ဘဲဥပုံစံ မျက်နှာပိုင်ရှင်တွေအတွက် လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိတဲ့ Haircuts တွေအကြောင်း မျှဝေပေးချင်ပါတယ်။ ဘဲဥပုံမျက်နှာ ဟုတ်မဟုတ် သိဖို့ မှန်ရှေ့မှာ ကိုယ့်မျက်နှာကို ပြန်ကြည့်ကြည့်ပါ။ မျက်နှာပေါ်မှာ တိုင်းထွာရမယ့် အပိုင်း သုံးခုရှိပါတယ်။

နဖူးအလျား ၊ ပါးရိုးအကျယ် နဲ့ နှာခေါင်းအရှည် ဖြစ်ပါတယ်။ ဒီသုံးခုရဲ့ အရှည်တွေ တိုင်းပြီးရင် နဖူးကနေ မေးစေ့အထိ အရှည်ကို ထပ်တိုင်းပါ။ ရလာတဲ့ တိုင်းတာချက်တွေကို စာရွက်ပေါ် ချရေးပါ။ မျက်နှာရဲ့ အလျားနဲ့ အနံကိုတွက်ကြည့်ပါ။ တကယ်လို့ မျက်နှာရဲ့ အလျားက အနံထက် ၁.၅ ဆ ရှိမယ်ဆိုရင် Oval Shape ပုံစံလို့ သတ်မှတ်လို့ ရပါတယ်။ ပုံမှန်အားဖြင့် Oval Face သမားတွေဟာ ဆံပင် အတို အရှည် အစုံနဲ့ လိုက်ပါတယ်။

(၁) ဘေးပါး Side Swept Hairstyles

Photo: newmensstyles

Side Swept စတိုင်မျိုးက ရိုးရှင်းပါတယ်။ Hair Stylist တိုင်း ပေါ့ပေါ့ပါးပါး ညှပ်ပေးနိုင်တဲ့ ဒီဇိုင်းဖြစ်ပြီး ဘဲဥပုံမျက်နှာသမားတွေနဲ့လည်း လိုက်ဖက်တဲ့ ဆံပင်ပုံစံ ဖြစ်ပါတယ်။ ဘေးပါးဆိုတဲ့အတိုင်း ဘေးဒေါက်နှစ်ဖက်နဲ့ အနောက်မှာ ဆံပင်ကို ပါးကပ်ကပ် ဖြစ်အောင် ထားပြီး အပေါ်ဘက်မှာ အရှည်ထားနိုင်ပါတယ်။ အတော်များများက Side Swept မှာ ဘေးခွဲပုံစံ ခပ်ရှင်းရှင်း ထားလေ့ရှိပါတယ်။

(၂) Brush Up Hairstyle

Photo: newmensstyles

Brush Up စတိုင်ဆိုတာ အပေါ်ဘက်အရှည် ဘေးနှစ်ဘက်နဲ့ အနောက်ပါးကိုမှ အပေါ်မှာ လွတ်လွတ်လပ်လပ် ထောင်ထားတဲ့ Messy Style မျိုး ဖြစ်ပါတယ်။ ဘေးနှစ်ဖက်ကို အပြောင်နီးပါး ထိုးထားတတ်ပြီး နားရွက်ပေါ်ကေဒီဇိုင်းမျိုး ဖြစ်ပါတယ်။ အပေါ်မှာ သိပ် Messy မဖြစ်သလို ရှုပ်မနေ ရှည်မနေတာကြောင့် အရမ်းကြီး Casual မဆန်စေပါဘူး။ ဒီဆံပင်ပုံစံက အခုခေတ်မှာလည်း လူငယ်တွေအကြား ခေတ်စားနေပါတယ်။

(၃) Casual Hairstyle

Photo: newmensstyles

သိပ်ပြီး ပြုပြင်ထိန်းသိမ်းစရာမလိုတဲ့ ဆံပင်ဒီဇိုင်းပါ။ နာမည်အတိုင်းပဲ ဒီဆံပင်ပုံစံက ဘာမှ ပြုပြင်မထားတဲ့ သဘာဝဆန်ဆန် ဖြစ်အောင် ပုံသွင်းထားတာပါ။ ဘေးနှစ်ဖက်အပါးနဲ့ အပေါ်မှာ ခပ်ထောင်ထောင် ဘေးတစ်ဖက်လဲဒီဇိုင်းဖြစ်ပါတယ်။ ခေါင်းဖြီးမလိုဘဲ လက်နဲ့တင် ဆံပင်ပုံစံကို ကိုယ့်စိတ်ကြိုက် ပုံသွင်းနိုင်မယ့်ဒီဇိုင်းထဲမှာ ပါပါတယ်။ ဆွဲဆောင်မှု အားကောင်းပြီး ပုံမှန်လူနေမှုဘဝနဲ့ အလိုက်ဖက်ဆုံး ဆံပင်ပုံစံ ဖြစ်ပါတယ်။

(၄) Shaggy Hairstyle

Photo: newmensstyles

အရိုင်းဆန်ဆန် မျက်နှာပေါ် ဆံပင်တွေ ခွေကျနေတဲ့ ဒီဇိုင်းမျိုးကလည်း Oval Face သမားတွေနဲ့ လိုက်ဖက်ပါတယ်။ ဆံပင်ခပ်ရှည်ရှည် အုံထူထူကိုမှ လွတ်လွတ်လပ်လပ် မျက်နှာပေါ် ဝဲကျအောင် ထားထားတာ ဖြစ်လို့ သူ့ကို Shaggy စတိုင်လို့ ခေါ်တာပါ။ ဒီဆံပင်ပုံစံက လူငယ်ပိုင်းနဲ့ ပိုလိုက်ဖက်ပါတယ်။ တချို့လူလတ်တန်းတွေလည်း Shaggy စတိုင် ဆံပင်ပုံစံ ထားလေ့ ရှိပါတယ်။

(၅) Textured Hairstyle

Photo: newmensstyles

Textured Style တွေက ယောင်္ကျားဆန်တဲ့ မျက်နှာအတော်များများနဲ့ လိုက်ဖက်ပါတယ်။ Oval Face သမားတွေအတွက်ဆို Textured ကေ ညှပ်မယ်ဆိုရင် အပေါ်ဘက်မှာ နည်းနည်း ပိုအရှည်ထားလေ့ရှိပါတယ်။ Textured မှာ Short ၊ Medium ၊ Long ၊ Crop Top နဲ့ Fade ဆိုပြီး ရှိကြပါတယ်။ မျက်နှာအကျ ဘဲဥပုံစံသမားတွေအတွက် Medium Textured ကေက ပိုပြီး ဆွဲဆောင်မှု ရှိပါတယ်။